MySport Myanmar

ချန်ပီယံလိဂ်က အောင်မြင်တာထက် ရှုံးနိမ့်ရတာက ပိုများလိမ့်မယ် ဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြချုပ် မီခေးလ် အာတီတာက သူတို့အသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ์ဖလားရရှိရေး ကြိုးပမ်းမှုမှာ အောင်မြင်တာထက် ရှုံးနိမ့်ရတာက ပိုများလိမ့်မယ်လို့ ရင်ဆိုင်ရမယ့် အခြေအနေကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီညမှာတော့ သူတို့ရဲ့ ချန်ပီယံလိဂ် ရာသီသစ်ကို စပိန်မြေမှာ ဘီလ်ဘာအိုအသင်းနဲ့ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကလပ်သမိုင်းတစ်လျှောက်မှာ ချန်ပီယံလိဂ်ဖလားကို တစ်ခါမှ ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။ သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကတော့ ၂၀၀၆ ခုနှစ်က ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲသာ ဖြစ်ပါတယ်။ ဒီဆုဖလားကို ရီးယဲလ် မက်ဒရစ် (၁၅)ကြိမ်၊ လီဗာပူးလ်က (၆)ကြိမ်အထိ ရယူထားပြီး မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့လို တခြားအင်္ဂလိပ်အသင်းကြီးတွေအားလုံးလည်း ဥရောပချန်ပီယံဖြစ်ဖူးကြပေမယ့် အာဆင်နယ်ကတော့ ဒီသမိုင်းကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

Photo Credit : Clutch Points

အာတီတာက “အောင်မြင်မှုကြီးတွေရခဲ့တဲ့ ကလပ်အသင်းကြီးတွေကိုကြည့်ပါ၊ သူတို့ (၇)ကြိမ်၊ (၈)ကြိမ်၊ (၉)ကြိမ်လောက် ကြိုးစားပြီးမှ (၂)ကြိမ်လောက်ပဲ အနိုင်ရခဲ့ကြတာမျိုးပါ။ ဒါကြောင့် ဒီပြိုင်ပွဲက အောင်မြင်တာထက် ရှုံးနိမ့်ရတာက ပိုများမယ့် ပြိုင်ပွဲတစ်ခုပါပဲ။ ဒါက သူ့ရဲ့သဘာဝပဲ။ ဒါက ကျွန်တော်တို့ကလပ်ရဲ့ သမိုင်းဖြစ်ပြီး ကျွန်တော်တို့ ပြောင်းလဲချင်နေတဲ့အရာလည်း ဖြစ်ပါတယ်။” လို့ ပွဲအကြိုမှာ ပြောကြားခဲ့ပါတယ်။

အာတီတာဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၃)ရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး သူ့ရဲ့နောက်ဆုံးဆုဖလားက ၂၀၂၀ ခုနှစ်က ရရှိခဲ့တဲ့ အက်ဖ်အေဖလားဖြစ်တာကြောင့် သူ့အပေါ်မှာ ဖိအားတွေ တိုးများနေပါတယ်။

Photo Credit : Football London

ဒါပေမဲ့ အာတီတာက ဒီဖိအားတွေကို အကောင်းမြင်ရှုထောင့်ကနေ ချဉ်းကပ်ခဲ့ပါတယ်။ “ဖိအားဆိုတာ နေ့တိုင်းပိုကောင်းလာဖို့အတွက် စွမ်းအင်နဲ့ ဆန္ဒကို မောင်းနှင်ပေးတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဆုံးဖြတ်ချက်တိုင်းကို အဲ့ဒီစံနှုန်း အဲ့ဒီမျှော်လင့်ချက်တွေနဲ့ ချမှတ်ရမှာဖြစ်လို့ အကောင်းဆုံးအခွင့်အရေးရအောင် ကြိုးစားသွားမှာပါ။” လို့ သူက ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်လိုအသင်းကြီးကို အိမ်ကွင်း အဝေးကွင်း အနိုင်ယူပြီး ပြိုင်ပွဲကနေ ဖြုတ်ချနိုင်ခဲ့တာကြောင့် ဥရောပရဲ့ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် လိဂ်အဆင့်မှာတော့ သူတို့ဟာ အက်သလက်တီကိုနဲ့ ဘိုင်ယန်မြူးနစ်လို အသင်းကြီးတွေကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်သလို ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲတက်ခဲ့တဲ့ အင်တာမီလန်အသင်းကိုလည်း အဝေးကွင်းသွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Exit mobile version