အာဆင်နယ်အသင်းရဲ့ အဓိက တောင်ပံကစားသမား ဘူကာယို ဆာကာဟာ ရက်သတ္တပတ် အနည်းငယ်အကြာလောက်မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်မှာ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ပြောကြားခဲ့ပါတယ်။
ဂန်းနားအသင်းရဲ့ နည်းပြချုပ် အာတီတာက သတင်းထောက်တွေကို ပြောရာမှာ ဆာကာရဲ့ ပြန်လည် သန်စွမ်းမှု တိုးတက်နေပြီး ကောင်းမွန်နေပေမယ့် အင်္ဂလန်တောင်ပံကစားသမားဟာ ပထမအသင်းထဲ ပြန်လာဖို့ကတော့ ရက်သတ္တပတ် အနည်းငယ် လိုသေးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပဲလေ့စ်နဲ့ ပွဲစဉ်အတွင်း ဆာကာဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ရေရှည် ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
Photo Credit : Reuters
အာဆင်နယ်အသင်းဟာ ဒီရာသီတစ်လျှောက် အဓိက ကစားသမားတွေရဲ့ ဒဏ်ရာတွေနဲ့ ထိခိုက်ခဲ့ရပြီး ကိုင် ဟာဗတ်ဇ်နဲ့ ဂါဘရီယယ်လ် ဂျီးဆပ်စ်တို့လို အရေးပါတဲ့ တိုက်စစ်ကစားသမားတွေလည်း ဆာကာနဲ့အတူ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ အသင်းမှာ ထရော့ဆာ၊ မယ်ရီနိုနဲ့ အသက် (၁၇)နှစ်အရွယ် အီသန် နွမ်နယ်ရီတို့ပဲ ယာယီတိုက်စစ်ပိုင်းကို ဖြည့်ဆည်းနေရပြီး ဒါဟာ သူတို့ရဲ့ ချန်ပီယံဖလား အိပ်မက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။ အခု မြောက်လန်ဒန်အသင်းက ဂိုးရဖို့တောင် ရုန်းကန်နေရပါတယ်။
မနေ့က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီး ဆာကာရဲ့ အခြေအနေကို မေးမြန်းချိန်မှာ အာတီတာ”နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာ ဆာကာ ဘယ်လို ဖြစ်လာမလဲ ကြည့်ကြတာပေါ့။ သူ့ရဲ့ တိုးတက်မှုက တကယ်ကို ကောင်းပါတယ်။ သူက ပြန်ကစားဖို့လည်း အရမ်းကို ဆန္ဒရှိနေတယ်။”
Photo Credit : Goal
“ဒါကို အားလုံးလည်း မြင်နိုင်တယ်ထင်ပါတယ်။ ဒါကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်း သူ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပြီး အကောင်းမြင်နေပါတယ်။” လို့ ပြောခဲ့ပါတယ်။ နောက်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ (၁၅)မှတ်ထိ အမှတ်ပြတ်သွားတဲ့ အကွာအဝေးနဲ့ ပတ်သက်ပြီး အာတီတာက ထပ်ပြောခဲ့ပါတယ်။ “ကျွန်တော် အဲဒီလို ချန်ပီယံလုပွဲ ပြီးသွားပြီလို့ မပြောချင်ပါဘူး။”
“ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ စိတ်ပျက်စရာက ပွဲကို အနိုင်မရခဲ့တာပါ။ အရေးကြီးတယ်ဆိုတာ သိထားပြီး၊ ပွဲတိုင်းကို အနိုင်ရဖို့ တာဝန်ရှိတယ်။ ဒါကို လုပ်နိုင်ဖို့ အခွင့်အရေး မရှိဘူးဆိုရင် အခု ဒီအကြောင်းကို ပြောဖို့ မသင့်တော်တဲ့ အချိန်လို့ ထင်ပါတယ်။” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။ အာတီတာရဲ့ အာဆင်နယ်က ဗုဒ္ဓဟူးနေ့မှာ နယ်သာလန်ကလပ် PSV နဲ့ ချန်ပီယံလိဂ် ဒုကျော့ပွဲကို ကစားရမှာဖြစ်ပြီး ပကျော့တုန်းက (1-7) ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရထားတာကြောင့် သက်တောင့်သက်သာနဲ့ ကစားနိုင်မှာပဲ ဖြစ်ပါတယ်။