MySport Myanmar

ပရီးမီးယားလိဂ်ဖလား ရယူဖို့အတွက် တိုက်စစ်မှူးသစ် မလိုအပ်ဘူးလို့ အာတီတာ ဆို

အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာက သူတို့အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် အခုဈေးကွက်ထဲမှာ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖြည့်တင်းစရာ မလိုအပ်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က လက်ရှိမှာ ဘရိုက်တန် တိုက်စစ်မှူး အီဗန် ဖာဂူဆန် ၊ ဝုလ်ဗ် တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာတို့အပြင် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာနေရာအတွက်ပါ မန်ယူနိုက်တက်က မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် လက်ရှိမှာ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ်လ် ဂျေဇူးက ဂိုးတွေ ဆက်တိုက် သွင်းယူလို့နေပြီး ပုံမှန်ခြေစွမ်းတွေ ပြသလျက် ရှိနေတဲ့အပြင် မာတင်နယ်လီကလည်း ဂိုးတွေ ပြန်လည် သွင်းယူနေပြီ ဖြစ်ပါတယ်။ ဟာဗက်ဇ်ကလည်း အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ အားထားနေရတာမို့ အာတီတာက သူတို့အသင်းအနေနဲ့ ဒီအချိန်မှာ တိုက်စစ်မှူး မလိုအပ်ဘူးလို့ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး အရမ်းပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ သွင်းယူခဲ့တဲ့ ဂိုးပမာဏကို ကြည့်လိုက်ရင်လည်း ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ လုံလောက်ပါတယ်။ တစ်စုံတစ်ယောက်ကို ခေါ်ယူဖို့ မလုံလောက်ဘူးဆိုတာ သေချာပါတယ်။ ဒီခေါ်ယူမှုကနေ ဂိုးအရေအတွက် ဘယ်လောက်အထိ သွင်းယူရမယ် ၊ ကိစ္စတော်တော်များများလည်း ဖြစ်ပေါ်လာဖို့လည်း လိုအပ်ပါတယ်။”

Photo Credit : Goal

“ဒီဇန်နဝါရီ ဈေးကွက်ကလည်း နွေရာသီ ဈေးကွက်ထက် ကန့်သတ်ချက် များစွာ ရှိနေပါတယ်။ တကယ်လို့ ဈေးကွက်ထဲမှာ အသင်းအတွက် အကျိုးပြုနိုင်ပြီး အသင်းဘက်က တက်နိုင်လောက်မယ့် ပမာဏနဲ့ ကစားသမားမျိုး ရှိနေမယ်ဆိုရင်တော့လည်း ဒီအတွက် ဖြစ်န်ိုင်ခြေတွေကို အမြဲတမ်း ဖွင့်လှစ်ထားရပါမယ်။ လောလောဆယ်တော့ ကျွန်တော်တို့မှာ ရှိနေတဲ့ အရာတွေကိုပဲ အာရုံစိုက်နေပါတယ်။” လို့ အာတီတာက ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က အဲဗာတန်ကို ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်ပိုင်း လိုအပ်ချက်အပေါ် ဝေဖန်ခံခဲ့ရပေမယ့် အဲ့ဒီနောက်ပိုင်း ပွဲတွေမှာတော့ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပြီး (၄)ပွဲအတွင်းမှာ (၁၂)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အဲ့ဒီ (၄)ပွဲမှာ ဂျေဇူး တစ်ဦးတည်းက စုစုပေါင်း သွင်းဂိုး (၆)ဂိုးအထိတောင် သွင်းနိုင်ခဲ့ပါတယ်။

Exit mobile version