အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတီတာက အခု ဇန်နဝါရီလ ဆောင်းဈေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ဆိုတာဟာ လက်တွေ့ဆန်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိ အခြေအနေအရ တိုက်စစ်ပိုင်းအတွက် လုံးဝကို အားထားရမယ့် နံပါတ် (၉) တိုက်စစ်မှူးကောင်းတစ်ဦးကို မဖြစ်မနေ လိုအပ်နေပြီး ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးနဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Goal

မနေ့က လီဗာပူးလ်အသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာလည်း အာဆင်နယ်အသင်းရဲ့ တိုက်စစ် လိုအပ်ချက်က သိသိသာသာ ထင်ရှားနေခဲ့ပြီး ဂိုးရနိုင်လောက်စရာ အခွင့်အရေးတွေ အမြောက်အများ ရရှိခဲ့ပေမယ့် အဲ့ဒီ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးတွေ ပြန်မသွင်းနိုင်ပဲ တတိယအဆင့်နဲ့ လှည့်ပြန်ခဲ့ရပါတယ်။

ဒါပေမယ့် အာဆင်နယ် နည်းပြ အာတီတာကတော့ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦး ခေါ်ယူဖို့ဆိုတာ လက်တွေ့မကျဘူးလို့ အံ့အားသင့်ဖွယ်သာ ပြောဆိုလာခဲ့ပါတယ်။ အာတီတာက “လတ်တလော အခြေအနေအရ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ဆိုတာဟာ လက်တွေ့မဆန်ပါဘူး။”

Photo Credit : Sky Sports

“ကျွန်တော်ရဲ့ အလုပ်က ဘာလဲ။ ကျွန်တော့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ ခြေစွမ်းပိုင်းတွေကို ပိုမို တိုးတက်လာအောင် လုပ်ဆောင်ပေးဖို့နဲ့ ကျွန်တော့်မှာ ရှိနေတဲ့ ကစားသမားတွေနဲ့ပဲ ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေကို ယူဆောင်သွားနိုင်ဖို့ပါပဲ။”

“အခု ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်တာက ကစားသမားတွေကို အသေအချာ ထောက်ပံ့ပေးဖို့ ၊ သူတို့တွေအပေါ်မှာ မေတ္တာတွေ ပေးသွားဖို့နဲ့ သေသေချာချာလေး လေ့ကျင့်ပေးသွားဖို့ပါပဲ။ နောက်ပြီး အခု ဖြစ်ပျက်နေတာတွေကနေ ကွဲပြားခြားနားစွာ မြင်တက်ဖို့ကိုလည်း သေချာပေါက် လုပ်ဆောင်ပေးရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။