အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက ဒီလာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဗဟိုတိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် အသင်းအနေနဲ့ ပိုက်ဆံအများအပြား သုံးစွဲသွားရလိမ့်မယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
The Independent သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဒီနွေရာသီအတွက် တိုက်စစ်မှူး (၃)ဦးဖြစ်တဲ့ အလက်ဇန်းဒါး အီဆက်ခ်၊ ဗစ်တာ ဂျိုကရက်စ်နဲ့ ဘင်ဂျမင် ဆက်စ်ကိုတို့ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး အဆိုပါ (၃)ဦးထဲက တစ်ဦးဦးကို အာတီတာရဲ့အသင်း ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေကို အဆုံးသတ်ပေးဖို့ တာဝန်ပေးအပ်သွားဖွယ်ရှိပါတယ်။ စပိန်လူမျိုး နည်းပြက သူတို့ လိုချင်တဲ့ ကစားသမားကို ရရှိဖို့အတွက် အသင်းအနေနဲ့ ပိုက်ဆံပုံအော သုံးစွဲဖို့ ပြင်ဆင်ထားတယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
Photo Credit : TNT Sports
အာတီတာက “ကိစ္စက ဘတ်ဂျက်နဲ့ တူပါတယ်။ ခင်ဗျား မင်္ဂလာဆောင်တဲ့အခါ ခင်ဗျားဇနီးနဲ့အတူ မင်္ဂလာပွဲကို စီစဉ်တယ်။ သူ့ကို ဘတ်ဂျက်တစ်ခု ပေးတယ်။ ဘယ်တော့မှ နည်းတာမရှိဘူး များတာပဲ ရှိတယ်။ အိမ်ဆောက်တဲ့အခါလည်း အမြဲ များတာပဲ။ ဒါက ပုံမှန် ဖြစ်တတ်တာပါ။ ပြီးတော့ အခြေအနေ အမျိုးမျိုးအတွက် ပြင်ဆင်ထားရတယ်။ နောက်တော့ ကံမကောင်းတဲ့ ကိစ္စတွေ ဖြစ်လာတယ်။ တစ်ခါတလေ ကျွန်တော်တို့ ကစားသမားတစ်ယောက်ကို လိုချင်တယ်။”
“ရုတ်တရက် ကျွန်တော်တို့ ဒဏ်ရာပြဿနာ တက်လာတယ် ဒါမှမဟုတ် အဲ့ဒီကစားသမား ဒဏ်ရာရသွားတယ်။ ဖြစ်လာနိုင်တဲ့ ကွဲပြားခြားနားတဲ့ အခြေအနေတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်ဆိုတာတော့ ရှိပါတယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်လဲ ဘာတွေ တိုးတက်အောင် လုပ်နိုင်လဲ ဘာတွေက ဦးစားပေးဖြစ်မလဲဆိုတဲ့ အမြဲတမ်း စိတ်ကူးတစ်ခု ရှိနေပြီးတော့မှ ကျွန်တော်တို့ လုပ်နိုင်မလားဆိုတာ ကြည့်ရမှာပါ။” လို ပြောဆိုခဲ့ပါတယ်။
Photo Credit : Goal
အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာနဲ့ ဘယ်တိုက်စစ်မှူး ခေါ်ယူမလဲဆိုတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း အာတီတာက တုံ့ပြန်ခဲ့ပြီး “တကယ်လို့ အဲလို ဖြစ်တယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ရှင်းပြနိုင်ခြင်း မရှိဘူး။ ကျွန်တော်တို့ လိုချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း မသိဘူးလို့ ဆိုလိုတာပါ။ ပြီးတော့ အဲဒါမျိုး မဖြစ်ခဲ့ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်။ အီဒူးနဲ့အတူ (၅)နှစ်ခွဲအတွင်း ဒါမျိုး မဖြစ်ခဲ့ပါဘူး။ အန်ဒရီယာနဲ့လည်း မဖြစ်ခဲ့ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်။”
“ကျွန်တော်တို့ အများကြီး သင်ယူခဲ့ရပါတယ်။ တချို့ (အပြောင်းအရွှေ့တွေ) က တကယ် အဆင်ပြေခဲ့တယ်။ တချို့ကတော့ မပြေခဲ့ဘူး။ ဒါကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ကျွန်တော်တို့ သေချာလုပ်ရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လူသားတွေပါ။ ကံမကောင်းစွာနဲ့ပဲ ဒီနေရာမှာ မှော်မှန်လုံး ရှိတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ အန်ဒရီယာကတော့ အလွန် စိတ်အားထက်သန်သူ သူ့စိတ်ကူးတွေ သူ့ရဲ့ ရည်မှန်းချက်နဲ့ ကျွန်တော်တို့ ဒါကို ဘယ်လို အောင်မြင်အောင် လုပ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိတဲ့သူပါ။” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။