အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက ဗီလာရီးရဲလ်အသင်းကို ရာသီကြိုခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပေါင်(၆၄)သန်းတန် ကစားသမားသစ် ဗစ်တာ ယိုကယ်ရက်စ်ရဲ့ ပထမဆုံး ပွဲထွက်ခြေစွမ်းနဲ့ အကယ်ဒမီကြယ်ပွင့်လေး မက်စ် ဒေါင်းမန်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တို့အတွက် ချီးကျူးပြောကြားသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ စပိန်ကလပ် ဗီလာရီးရဲလ်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ စပို့တင်း လစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့များစွာနဲ့ ခေါ်ယူထားတဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်အတွက် အိမ်ကွင်းပွဲဦးထွက်ပွဲလည်း ဖြစ်ပါတယ်။
Photo Credit : Sky Sports
ယိုကယ်ရက်စ်ဟာ ပွဲချိန်တစ်နာရီကြာ ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းခွင့် အနည်းငယ်သာ ရရှိခဲ့ပါတယ်။ သူ့အတွက် အကောင်းဆုံးအခွင့်အရေးကတော့ ပွဲချိန်မပြည့်ခင် လူစားလဲခံရခါနီးမှာ ရရှိခဲ့တဲ့ အားပြင်းတဲ့ ကန်ချက်ဖြစ်ပြီး ဗီလာရီးရဲလ်ဂိုးသမားက ကောင်းမွန်စွာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ယိုကယ်ရက်စ်ဟာ လစ္စဘွန်းအသင်းကနေ အာဆင်နယ်ကို အတိုက်အခံလုပ်ပြီး ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပေါ်တူဂီကလပ်အတွက် (၁၀၃)ပွဲကစားခဲ့ရာ (၉၇)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။
တော့တင်ဟမ်နဲ့ ရာသီကြိုပွဲမှာ ခေတ္တခဏသာ ပါဝင်ကစားခဲ့ပြီးနောက် အခုမှ ပွဲထွက်ခွင့်ရခဲ့တဲ့ ယိုကယ်ရက်စ်ဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီမှာ အသင်းနဲ့ အသားကျပြီး အကောင်းဆုံးပုံစံရရှိနေမှာဖြစ်ကြောင်း အာတီတာက ယုံကြည်မှုရှိနေပါတယ်။ “သူ့အတွက် ပွဲစကတည်းက ပါဝင်ကစားခွင့်ရပြီး အသင်းနဲ့ ချိတ်ဆက်မှု ခံစားချက်တွေကို စတင်ရရှိဖို့က အရမ်းအရေးကြီးပါတယ်။”
Photo Credit : Now.Arsenal
“သူ ကျွန်တော်တို့နဲ့အတူရှိနေတာ တစ်ပတ်လောက်ပဲ ရှိသေးပေမယ့် သူ့ဆီက အလားအလာကောင်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကစားပုံ အထူးသဖြင့် နေရာလွတ်တွေကို တိုက်စစ်ဆင်ဝင်ရောက်ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ပွဲကစားချိန်သိပ်မရသေးတဲ့ ကစားသမားတော်တော်များများအတွက် အခုချိန်မှာ လာမယ့်စနေနေ့ပွဲအတွက် ပိုကောင်းတဲ့အခြေအနေနဲ့ အသင့်ဖြစ်နေအောင် ပြင်ဆင်နိုင်ပါပြီ။”
“သူ့ရဲ့ ကြံ့ခိုင်မှုအပိုင်းမှာဆိုရင် အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်တာ နှစ်လလောက်ရှိပါပြီ။ ဒီနေ့မတိုင်ခင်မှာ လေ့ကျင့်ခန်း (၅)ကြိမ် (၆)ကြိမ်လောက်ပဲ လုပ်ရသေးတယ်။ ဒါကြောင့် စနေနေ့ပွဲမှာ နောက်ထပ်ခြေတစ်လှမ်းတက်ပြီး ပိုကောင်းတဲ့ အနေအထားတစ်ခုကို ရောက်လာပါလိမ့်မယ်။” လို့ အာတီတာက ပြောပါတယ်။