MySport Myanmar

ချီဒို အိုဘီရဲ့ အသင်းကနေ ထွက်ခွာမှုကို ဝမ်းနည်းမိကြောင်း အာတီတာ ဆို

မနက်ဖြန်ည မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ဒီနွေမှ သူတို့အသင်းကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားတဲ့ လူငယ်ကစားသမားလေး ချီဒို အိုဘီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဝမ်းနည်းမိရတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက်(၁၇)နှစ်အရွယ် ဒိန်းမတ်လူငယ် တိုက်စစ်မှူးလေး ချီဒို အိုဘီဟာ အာဆင်နယ် လူငယ်အသင်းမှာ ခြေစွမ်းပြနေသူ ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာကလပဲ အာဆင်နယ်ရဲ့ ပြိုင်ဘက်ကလပ် ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : United in Focus

ဒီကစားသမားလေးဟာ ယူနိုက်တက် လူငယ်အသင်းမှာလည်း ဂိုးတွေ သွင်းယူနိုင်ခဲ့ရင်း စီနီယာအသင်းမှာ ကစားသမားတွေ ဒဏ်ရာ ပြဿနာများကြောင့် အသင်းကြီးအတွက် ကစားခွင့်တွေ တဖြည်းဖြည်းနဲ့ စတင် ရရှိလာခဲ့ရင်း ဖူလ်ဟမ်နဲ့ အက်ဖ်အေဖလားပွဲမှာ ပြသခဲ့တဲ့ သူရဲ့ စွမ်းဆောင်ရည်ကို အသင်းပရိသတ်တွေက သဘောကျခဲ့ပါတယ်။

အခုဆိုရင် ချီဒို အိုဘီက သူ့အသင်းဟောင်း အာဆင်နယ်နဲ့ ပွဲစဉ်မှာပင် ကစားခွင့်ရလာဖို့ ရှိနေပြီး ဒီကစားသမားနဲ့ ပတ်သက်ပြီးတော့လည်း ဂန်းနားနည်းပြ အာတီတာက “သိသာပါတယ်။ ကစားသမားတစ်ယောက်က သူ့အတွက် အကောင်းဆုံး လမ်းကြောင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မင်း ဘာမှ လုပ်လို့ရတာ သိပ်မရှိပါဘူး။”

Photo Credit : Football London

“အရမ်းကံဆိုးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အကယ်ဒမီက ကစားသမားတွေကို ဆက်ထိန်းထားပြီး စီနီယာအသင်းမှာ အလွန် အောင်မြင်မှုရအောင် လုပ်ချင်ခဲ့တာ။ ဒါပေမယ့် ဒီကိစ္စမှာ ဟေးဗန်နဲ့အတူ ကျွန်တော်တို့ ဒါကို မလုပ်နိုင်ခဲ့ဘူး။ ကစားသမားတစ်ယောက်ကို အသင်းမှာ ဆက်နေဖို့ ဆွဲဆောင်ဖို့ဆိုရင် အဲဒီကစားသမားက ကျွန်တော်တို့နဲ့ အတူရှိဖို့ ဆန္ဒရှိပြီး ကျွန်တော်တို့အပေါ် ကတိကဝတ်ပြုဖို့ လိုတယ်။”

“ကျွန်တော် အတိအကျ မသိပါဘူး။ နှစ်ဖက်စလုံးက ဒီကိစ္စကို အလွန်ကွဲပြားစွာ ခံစားရမှာပါ။ တကယ်တမ်းကတော့ သူက ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ကျွန်တော်တို့က အဲဒီကနေ ရှေ့ဆက်သွားရပါမယ်။ သူ့မှာ ကြီးမားတဲ့ ဂိုးခြိမ်းခြောက်မှု၊ ဧရိယာအတွင်း ရှိနေလိုတဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်မှု၊ မတူညီတဲ့ နည်းလမ်းများစွာနဲ့ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။” လို့လည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

Exit mobile version