MySport Myanmar

ယိုကယ်ရက်စ်က အရမ်းကောင်းမွန်တဲ့ အရာတွေ အများကြီး လုပ်ခဲ့တယ်လို့ အာတီတာ ဆို

အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ ဘတ်စကတ်ဘောပွဲ တစ်ပွဲလို ဖြစ်သွားခဲ့ပြီး အဲ့ဒီပွဲစဉ်အတွင်း ယိုကယ်ရက်စ် ဂိုးသွင်းဖို့ အခွင့်အရေး မရခဲ့ပေမယ့် ကောင်းမွန်တဲ့ အရာတွေ လုပ်သွားခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို တစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပေမယ့် အာဆင်နယ်ရဲ့ ပေါင် (၆၄)သန်းတန် ကစားသမားသစ် ဂျိုကီရက်စ်ကတော့ ပွဲဦးထွက်မှာ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် မိနစ်(၆၀) ပါဝင်ကစားခဲ့ရာမှာ သူဟာ ဂိုးကန်သွင်းမှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့သလို အခွင့်အရေးဖန်တီးမှုလည်း မရှိခဲ့ဘဲ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဘောလုံးထိချက် သုံးကြိမ်သာ ရှိခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမဲ့ နည်းပြ အာတီတာကတော့ သူ့ရဲ့ဆွီဒင်တိုက်စစ်မှူးဘက်ကနေ ကာကွယ်ပြောကြားခဲ့ပြီး ပွဲကစားဟန် ပွင့်လင်းလာချိန်နဲ့ ပြိုင်ဘက်ခံစစ်ရဲ့ အပေါ်ဘောတွေကနေ ခြေစွမ်းပြတတ်တဲ့ ယိုကယ်ရက်စ်အတွက် အသင်းက ကောင်းကောင်းမပံ့ပိုးနိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

သူက သတင်းထောက်တွေကို “ဘောလုံးကို ရှေ့ကိုရောက်အာင် ပေးပို့လို့ရတဲ့ အခြေအနေ (၇)ကြိမ် (၈)ကြိမ်လောက် ရှိခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘောလုံးကို ပေးမယ့်အစား ဆုံးရှုံးသွားအောင် လုပ်ခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ပွဲက ဘတ်စကတ်ဘောပွဲလို ဟိုဘက်ဒီဘက် အပြန်အလှန် ဖြစ်သွားခဲ့တယ်။” လို့ ရှင်းပြခဲ့ပါတယ်။

Photo Credit : Football365

ယိုကယ်ရက်စ်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး စပိန်နည်းပြက “သူ အရမ်းကောင်းမွန်တဲ့ အရာတွေ အများကြီးလုပ်ဆောင်ပေးခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တောင်းဆိုတဲ့ ဖိအားမြင့်ပေးကစားပုံနဲ့ စည်းချက်မှာ သူကောင်းကောင်းလုပ်ပြခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတိုက်စစ်ဆင်တဲ့ အခြေအနေတွေမှာတော့ သူ့အတွက် အခွင့်အရေးတွေ မရခဲ့ပါဘူး။ အကြောင်းကတော့ အဲ့ဒီမတိုင်ခင် နောက်ဆုံးပေးပို့ရမယ့် ဘောလုံးကို ကျွန်တော်တို့ မပေးနိုင်ခဲ့လို့ပါပဲ။ သူ့ရဲ့အရည်အသွေးကို အသုံးချဖို့ ဘောလုံးကို သူ့ဆီအရောက် မပို့နိုင်ခဲ့ဘူး။ ဒါပေမဲ့ အလုံးစုံခြုံကြည့်ရင်တော့ မန်ယူကွင်းမှာ အနိုင်ရပြီး အာဆင်နယ်ကစားသမားဘဝ ပထမဆုံးပွဲကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာက အဖွင့်ကောင်းတစ်ခုပါပဲ” လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ကို အရမ်းတောင်းတနေခဲ့ကြတာပါ။ ယိုကယ်ရက်စ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက် မျှော်လင့်ချက်တွေ မြင့်တက်နေပေမယ့် ယူနိုက်တက်နဲ့ပွဲက ခြေစွမ်းကတော့ ပရိသတ်အချို့ကို စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် စနေနေ့မှာ တန်းတက်ကလပ် လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာတော့ ယိုကယ်ရက်စ်တစ်ယောက် ဂိုးပေါက်ပြန်တွေ့ဖို့ မျှော်လင့်နေရပါတယ်။

Exit mobile version