ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)မှာ အက်စ်တွန်ဗီလာကို နောက်ကျ ချေပဂိုး ၊ နောက်ကျအနိုင်ဂိုးတွေနဲ့ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းဟာ ကြီးမားတဲ့ သင်ခန်းစာ ၂ခုကို ရခဲ့ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အပြိုင် ဖြစ်နေတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အဖြစ် အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ ဗီလာက ၂ကြိမ်တိုင်တိုင် အာဆင်နယ်ကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် အာဆင်နယ် အသင်းသားတွေက မလျှော့သော ဇွဲလုံ့လနဲ့ ပွဲပြီးချိန်အထိ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တာကြောင့် လိုချင်တဲ့ ရလဒ်ကို ရရှိကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဗီလာ ၂-၄ အာဆင်နယ် ပွဲစဉ်မှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု သိသိသာသာ အသာစီးရခဲ့ပေမယ့် ပွဲဆက်များမှုကြောင့် အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ အိုဒီဂတ် ၊ ချာကာတို့ ပင်ပန်းနေတာကို သိသိသာသာ မြင်တွေ့ခဲ့ရပြီး ချာကာ ၊ ဆာကာနဲ့ အိုဒီဂတ်တို့ ပွဲပန်းနေတာကြောင့်ပဲ ခါတိုင်းလို လျင်မြန်တဲ့ တိုက်စစ်ဆင်မှုမျိုးကို မမြင်တွေ့ခဲ့ရပဲ အဝေးကန်ချက်တွေ ကနေသာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ် အသင်းသားတွေရဲ့ နိုင်ကို နိုင်ရမယ် ဆိုတဲ့ စိတ်ဓာတ်ကြောင့် အာဆင်နယ်က ၂ကြိမ်တိုင်တိုင် ဦးဆောင်ခံခဲ့ရပေမယ့် ချေပဂိုးတွေနဲ့အတူ အကောင်းဆုံး ပြန်လာနိုင်ခဲ့သလို ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းသာ လိုအပ်တော့ချိန်မှာလည်း ကစားသမားသစ် ဂျော်ဂျင်ဟိုရဲ့ လှပတဲ့ အဝေးကန်ချက် ၊ မာတီနယ်လီနဲ့ ဗီအဲရာတို့ရဲ့ မြန်ဆန်တဲ့ တန်ပြန်တိုက်စစ် တွဲလုံးတွေ ကနေ တဆင့် အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ပွဲပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူ့ကစားသမားတွေရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေပြီး သူ့အသင်းသားတွေဟာ ဒီနေ့ပွဲမှာ ကြီးမားတဲ့ သင်ခန်းစာ ၂ခုကို ရရှိခဲ့ကာ အဆိုပါ သင်ခန်းစာတွေက အခြေခံကျတဲ့ အရာတွေကို မလွဲချော်အောင် လုပ်ဖို့နဲ့ မှန်ကန်တဲ့ အရာတွေ လုပ်ရင် လိုချင်တဲ့ ရလဒ်ကို ရယူနိုင်တာတို့ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အာတီတာက – “ဒီနေ့ပွဲမှာ ကျွန်တော်တို့က ကြီးမားတဲ့ သင်ခန်းစာ ၂ခုကို ရခဲ့တယ်လို့ မြင်ပါတယ်။ ပထမတခုက ကျွန်တော်တို့ဟာ ပထမပိုင်းမှာ အခြေခံကျတဲ့ အရာတွေကို မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ဂိုးကန်သွင်းခွင့် ၂ကြိမ် ခွင့်ပြုပေးမိရာ ကနေ သွင်းဂိုး ၂ဂိုး ခွင့်ပြုခဲ့ရတာပါ။ ပြီးတော့ ကျွန်တော်တို့က ပုံမှန် ခြေစွမ်းကောင်းကိုလည်း မပြသနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ဘောလုံးကို ထိန်းချုပ် ကစားရာမှာ အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေက ပြန်ကောင်းလာသလို အခြေခံကျတဲ့ အရာတွေကို မှန်ကန်အောင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် ကစားကွက် ပိုကောင်းလာသလို တဦးချင်းစီရဲ့ ခြေစွမ်းတွေပါ တိုးတက်လာခဲ့တာကြောင့်ပဲ အနိုင်ရလဒ်ကို ရခဲ့တာပါ။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပြီးခဲ့တဲ့ ၂ပွဲ ၊ ၃ပွဲကလို ဂိုးဧရိယာအတွင်း ရလာတဲ့ အခွင့်အရေးတွေကို မသုံးမချနိုင်တာမျိုး မရှိခဲ့ပဲ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။