MySport Myanmar

ဖူလ်ဟမ်ကို ၇ဂိုးလောက် သွင်းပြီး နိုင်ခဲ့သင့်တယ်လို့ မချိတင်ကဲ ပြောလာတဲ့ အာတီတာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ သူတို့အသင်းဟာ ၇ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပြီး သရေကျခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးခဲ့တာကြောင့် ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: The Sun

အာတီတာက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင် ၃မှတ် ရယူဖို့ ကြိုးစားခဲ့ပေမယ့် ပွဲအစ ၁မိနစ်မှာပဲ ဆာကာရဲ့ မတိကျတဲ့ ဘောလုံးပေးပို့မှုကနေ ဖူလ်ဟမ် ကွင်းလယ်ဖန်တီးရှင် ပါရဲရား တယောက် ဘောလုံးရသွားခဲ့ပြီး ပါရဲရားက ဂိုးပေါက်နဲ့ အတော်လေး အလှမ်းကွာနေတဲ့ ရမ်စဒဲလ်ရဲ့ အနီးထောင့်ကို ကန်သွင်းကာ ဖူလ်ဟမ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အာဆင်နယ်က တရစပ် တိုက်စစ်ဆင်ကာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ဖူလ်ဟမ်ရဲ့ မာကျောတဲ့ ကစားဟန်နဲ့ လေနိုရဲ့ လက်စွမ်းတွေကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၇၀မိနစ်မှာတော့ ပင်နယ်တီကနေ တဆင့် ဆာကာက အာဆင်နယ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

နောက်ထပ် ၂မိနစ် အကြာမှာလည်း ဗီအဲရာရဲ့ လှပတဲ့ ပေးပို့မှုကနေ လူစားဝင် တိုက်စစ်မှူး အန်ခီးတီးယားက အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။ ၂-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် အာဆင်နယ်က ပွဲကို ထိန်းချုပ် ကစားဖို့ ကြိုးစားခဲ့ပြီး ဖူလ်ဟမ်ကတော့ ချေပဂိုး ပြန်သွင်းနိုင်ဖို့ ကစားအား တင်လာခဲ့ပေမယ့် ပွဲချိန် ၈၃မိနစ်မှာပဲ ဖူလ်ဟမ် နောက်ခံလူ ဘတ်ဆီက နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Standard

ဖူလ်ဟမ်က ၁ယောက်လျော့သွားပြီးနောက် အာဆင်နယ်က အနိုင်ရလဒ် ရရှိဖို့ သေချာသွားပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် ပွဲချိန် ၈၈မိနစ်မှာတော့ ဖူလ်ဟမ် ကွင်းလယ်လူ ပယ်လ်လင်ဟာက ထောင့်ကန်ဘောကနေ ရောက်လာတဲ့ ဘောလုံးကို အကောင်းဆုံး ပိတ်သွင်းကာ ဖူလ်ဟမ်အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

၁ယောက်လျော့ ဖူလ်ဟမ်ကို နောက်ကျချေပဂိုးကြောင့် ရမှတ် ၁မှတ် ခွဲဝေပေးခဲ့ရပြီးနောက် အာဆင်နယ်နည်းပြချုပ် အာတီတာက ရလဒ်ပိုင်း အတွက် စိတ်ပျက်မိကြောင်းနဲ့ သူတို့အသင်းရဲ့ ကစားပုံဟာ ကောင်းခဲ့တာကြောင့် သွင်းဂိုး ၇ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ကြောင်း ဆိုလာပါတယ်။ အာတီတာက – “ပွဲအစမှာပဲ ကျွန်တော်တို့က အတော် လှပတဲ့ သွင်းဂိုး တဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိခဲ့တာပါ။ အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ တုံ့ပြန်ပုံက ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ မရေမတွက်နိုင်တဲ့ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့သလို ၅ဂိုး ၊ ၆ဂိုး ၊ ၇ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပါတယ်။ အခက်ခဲဆုံးအရာက စုဖွဲ့မှုကောင်းတဲ့ အသင်းကို ချေပဂိုးတွေ ၊ ဦးဆောင်ဂိုးတွေ ပြန်သွင်းပြီး ပွဲကို ဦးဆောင်ထားနိုင်ချိန်မှာ ဂိုးပြန်မပေးရအောင် တားဆီးနိုင်ဖို့ပါပဲ။ ကျွန်တော်တို့က ထောင့်ကန်ဘော တခု ပေးခဲ့ရပြီး အဲ့ဒီထောင့်ကန်ဘောကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ တခုထဲသော အခွင့်အရေးကို မတားဆီးနိုင်ခဲ့တာကြောင့် အခုလို အပြစ်ပေးခံခဲ့ရတာပါ။ ပြီးတော့ ကျွန်တော်တို့က အခွင့်အရေးကောင်း ၂ခု ထပ်ရခဲ့ပေမယ့် ဂိုးတွေ မသွင်းနိုင်တော့ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က အလွယ်တကူ အနိုင်ရသင့်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပေမယ့် သရေ ၁မှတ်ပဲ ရခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version