ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ နယ်သာလန် နာမည်ကြီးကလပ် ပီအက်စ်ဗွီကို အဝေးကွင်းမှာ ဂိုးပြတ် ၊ ခြေပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ ပြဿနာတွေကို အဖြေရှာရမယ့် အချိန် ရောက်ပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ယူရိုပါလိဂ် အုပ်စုပွဲစဉ်(၅) အဖြစ် ပီအက်စ်ဗွီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အာတီတာက အရန် ကစားသမားတွေနဲ့ ပွဲထွက် ကစားသမားတွေကို အချိုးကျ ပေါင်းစပ်ပြီး ယှဉ်ပြိုင် ကစားစေခဲ့ပါတယ်။ အာဆင်နယ်က နောက်တဆင့်ဆီ တက်ရောက်ထားပြီး ဖြစ်တာကြောင့် ပီအက်စ်ဗွီနဲ့ ပွဲစဉ်မှာ သရေရလဒ် ရယူနိုင်ရုံနဲ့ အုပ်စု ပထမအဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒါပေမယ့် နယ်သာလန်မြေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် ပီအက်စ်ဗွီက ပရိသတ်အားနဲ့ အာဆင်နယ်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ပီအက်စ်ဗွီရဲ့ လျင်မြန်တဲ့ တိုက်စစ် ကစားဟန်တွေကြောင့် အာဆင်နယ်ရဲ့ ခံစစ်ကြောင်းဟာ ပီအက်စ်ဗွီ တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ပီအက်စ်ဗွီကတော့ သူတို့ရဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ရေးနဲ့ အုပ်စု ပထမနေရာရရေး အတွက် အစွမ်းကုန် အားထုတ် ကြိုးပမ်းခဲ့ပြီး ပွဲချိန် ၅၆မိနစ်မှာတော့ ကွင်းလယ်တိုက်စစ် ကစားသမား ဗာမန်းက ပီအက်စ်ဗွီ အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုး ရရှိပြီးနောက် ပီအက်စ်ဗွီကပဲ ပွဲကို ဆက်လက် ထိန်းချုပ် ကစားခဲ့ပြီး ပွဲချိန် ၆၃မိနစ်မှာတော့ အာဆင်နယ် ဂိုးသမား ရမ်စဒယ်ရဲ့ အမှားကနေ တဆင့် ဝါရင့် တိုက်စစ်မှူး ဒီဂျောင်က ပီအက်စ်ဗွီ အတွက် ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။

Photo Credit: Express

ဦးဆောင်ဂိုး ၂ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အာဆင်နယ်က ချေပဂိုးတွေ ပြန်လည် ရရှိဖို့ အတွက် ဆာကာ ၊ ဂျေဇူး ၊ ပါတေး စတဲ့ အဓိက ကစားသမားတွေကို ထည့်သွင်းကာ ကစားခဲ့ပေမယ့် ကစားပုံ သိသိသာသာ ကောင်းမွန်လာခြင်း မရှိပဲ အဝေးကွင်းမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အာဆင်နယ်က ပီအက်စ်ဗွီကို ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုဗိုလ်နေရာ ရဖို့ အတွက် အုပ်စုနောက်ဆုံးပွဲမှာ မဖြစ်မနေ အနိုင်ကစားရဖို့ ရှိနေပါတယ်။

ပီအက်စ်ဗွီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အာတီတာက – “ကျွန်တော်တို့တွေ အချိန်အကြာကြီးနေပြီးမှ အရှုံးရလဒ်ကို ခံစားခဲ့ရတာပါ။ ဒါကြောင့် အခုချိန်က ကျွန်တော်တို့ရဲ့ အလုပ်ကို အောက်ခြေကနေ ပြန်လုပ်ရမယ့် အချိန်ပါ။ ကျွန်တော်တို့တွေက ဘာတွေ မှားခဲ့လဲ ဆိုတာကို အဖြေရှာရပါမယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပါတယ်။ ပီအက်စ်ဗွီကိုတော့ နိုင်ပွဲအတွက် ဂုဏ်ပြုချင်ပါတယ်။ သူတို့က ဒီနေ့ပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့သလို နိုင်ပွဲနဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ဒီတော့ ဘာမှ အထွန့်တက်စရာ မရှိပါဘူး” လို့ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး သုံးသပ်စကား ပြောကြားသွားသလို ပီအက်စ်ဗွီကိုလည်း နိုင်ပွဲအတွက် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။