ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)မှာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရတာဟာ သူတို့အသင်းမှာ ကမ္ဘာ့အဆင့် ကစားသမား မရှိတာကြောင့်ပါလို့ ငြီးတွားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Metro

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းချက်ကို အတော်လေး ထိခိုက်စေခဲ့ပြီး အဆိုပါပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ ဂိုးသွင်းခွင့် အမြောက်အမြားကို ရရှိခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ ဂိုးသွင်းမသေချာမှု ၊ ဆောက်သမ်တန် ဂိုးသမား ဖော်စတာရဲ့ လက်စွမ်းကောင်း ပြသနိုင်မှုတို့ကြောင့်ပဲ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရယူနိုင်ခြင်း မရှိပဲ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေကြောင်းကို ဖွင့်ဟ ဝန်ခံသွားခဲ့သလို သူတို့အသင်းမှာ ရလဒ်ပိုင်းကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့် ကမ္ဘာ့အဆင့် ကစားသမား မရှိကြောင်းလည်း ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: Metro

အာတီတာက – “ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားက ဒါအကုန်ပါပဲ။ ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားတွေက အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားတွေ မဟုတ်ကြပါဘူး။ တကယ်လို့ ကျွန်တော့်မှာသာ ပရီးမီးယားလိဂ် အတွေ့အကြုံ ၁၀နှစ်လောက် ရှိပြီး ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားသာ ရှိနေရင် ကျွန်တော်က သူ့ကို အရန်ခုံ ပို့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က လက်ရှိ ကစားသမားတွေကို ထိပ်ဆုံးကနေ ကာကွယ်ပေးမယ့်သူပါ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေ ဘယ်လောက် အထိ ကြိုးစားခဲ့လဲ ဆိုတာကို ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ကြတာပဲလေ” လို့ ပြောကြားသွားခဲ့တာပါ။