အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူတို့အသင်းအနေနဲ့ မန်ချက်စတာ စီးတီးအသင်းကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကြီးကို သိမ်းပိုက်နိုင်ဖို့အတွက် ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း အနိုင်ယူကာ စုစုပေါင်း ရမှတ် (၁၁၄)မှတ် ရယူသွားဖို့ ပစ်မှတ်ထားထားတယ်လို့ ကြုံးဝါး ပြောကြားလိုက်ပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ မနှစ်က ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကို အနီးကပ် ဖိအားပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံဆုနဲ့ပါ အနီးစပ်ဆုံး အနေအထားအထိ ရောက်ရှိခဲ့ရပေမယ့်လည်း ရာသီပိတ်ခါနီးမှာ ခြေချော်မှုတွေ ဖြစ်ခဲ့ရင်းနဲ့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Evening Standard

လက်ရှိမှာ အာဆင်နယ်က နောက်ခံကစားသမား ရီကာဒို ကာလာဖီအိုရီ တစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးပေမယ့် အသင်းရဲ့ ကစားသမားအစုအဖွဲ့က မနှစ်ကတည်းက တောင့်တင်းတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ကွင်းလယ် နံပါတ်(၆)နေရာအတွက် ကစားသမားသစ်တစ်ဦးလောက် ခေါ်ယူပြီးတာနဲ့ အာဆင်နယ်ရဲ့ ကစားသမားအင်အားက အတော်လေး ပြည့်စုံသလောက် ဖြစ်သွားနိုင်ပါတယ်။

အာဆင်နယ်အနေနဲ့က အခုဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အားပြိုင်မှု အတွေ့အကြုံကောင်းတွေလည်း ရှိနေပြီ ဖြစ်ပေမယ့်လည်း သူတို့ထက် ချန်ပီယံဆုနဲ့ရော ချန်ပီယံပြေးလမ်း အတွေ့အကြုံတွေပါ ပိုသာလွန်နေတဲ့ မန်စီးတီးကို ကျော်ဖြတ်ဖို့က ခက်ခဲနိုင်တာကြောင့် ပွဲတိုင်း အနိုင်ကစားသွားဖို့ကို ပစ်မှတ်ထားထားတယ်လို့ အာတီတာက ပြောဆိုလာပါတယ်။

Photo Credit : TEAMtalk

“(၁၁၄)မှတ် ရအောင် ယူရပါမယ်။ တကယ်လို့ ကျွန်တော်တို့ ဒီလိုသာ လုပ်နိုင်ခဲ့မယ်ဆိုရင် အမှတ်ပေး ချန်ပီယံဆုဖလားကိုလည်း သေချာပေါက် ရယူနိုင်မှာ။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ အဲ့ဒီကမှ ကျွန်တော်တို့ ဘာတွေ ရနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမယ်။”

“အမှတ်ပေး ချန်ပီယံဖလားကြီးကို ရယူနိုင်မယ့် အခွင့်အရေးမျိုး ရှိဖို့အတွက်က ပြိုင်ဘက်အသင်းတွေထက် ကြီးမားတဲ့ အလားအလာတွေ ရှိနေရပါမယ်။ ကျွန်တော်တို့ အခက်အခဲတွေ ရှိနေတဲ့အခါမှာတောင် ကျွန်တော်တို့က ပြိုင်ဘက်အသင်းတွေထက် ပိုကောင်းနေရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ တကယ့် ရည်မှန်းချက်ပါပဲ။” လို့ အာတီတာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။