အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာကတော့ သူ့အသင်းက ဘုန်းမောက်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိလိုက်ပြီးတဲ့နောက် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ဖို့ နီးစပ်လာနေပြီဖြစ်ပြီး ဒီလို ဖြစ်လာဖို့လည်း မျှော်လင့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က အခု ဘုန်းမောက်နဲ့ပွဲ အပါအဝင် ဝုလ်ဗ် ချယ်လ်ဆီး စပါးတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေအားလုံးမှာ တောက်လျှောက် နိုင်ပွဲတွေဆက်ခဲ့ရင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ (၈၃)မှတ်နဲ့ ရပ်တည်နေပါတယ်။ အာဆင်နယ်က လက်ရှိမှာ အဆင့်(၂)က မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ရမှတ်(၁)မှတ်အသာနဲ့ ဦးဆောင်လို့နေပါတယ်။

Photo Credit : Arsenal FC

အာဆင်နယ်က ဒီရာသီအတွက် လက်ကျန်ပွဲ (၂)ပွဲကိုသာ ကစားရဖို့ ကျန်ရှိနေတော့ပြီး ဒီပွဲတွေကတော့ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ရမယ့်ပွဲနဲ့ အိမ်ကွင်း အမ်းမရိဒ်စ်မှာ အဲဗာတန်ကို ဧည့်ခံသွားရမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိ form အရဆိုရင်လည်း ဒီအသင်းတွေကို အနိုင်ယူန်ိုင်ဖို့က အခြေအနေ ပိုများနေပါတယ်။

အာဆင်နယ်ရဲ့ ပြိုင်ဘက် မန်စီးတီးကတော့ ဖူလ်ဟမ် စပါးတို့ကို အဝေးကွင်းတွေမှာ ရင်ဆိုင်သွားရဦးမှာဖြစ်ပြီး နောက်ဆုံးပွဲကိုတော့ အိမ်ကွင်း အယ်လ်တီဟတ်မှာ ဝက်စ်ဟမ်းနဲ့ ကစားသွားရပါမယ်။ မန်စီးတီးက တစ်ပွဲပို ကစားဖို့ ရှိနေတာကြောင့် ချန်ပီယံဆုအတွက် ပိုပြီး အခွင့်အရေး ရှိနေပေမယ့် အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းမှာလည်း မျှော်လင့်ချက် ရှိနေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : talkSPORT

“အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အခုက (၉)လခွဲလောက်အထိ ကျွန်တော်တို့တွေ လုပ်ဆောင်ထားပြီး ဒါကို အပြီးသတ်နိုင်ဖို့က (၂)ပတ်သာ ကျန်နေပါတော့တယ်။ ကျွန်တော် ဒါကို တကယ်လုပ်ဆောင်သွားချင်ပါတယ်။ ချန်ပီယံဆုကြီးကို ပိုင်ဆိုင်ဖို့ကလည်း တဖြည်းဖြည်းနဲ့ နီးစပ်လာခဲ့သလို ဒီကွင်းထဲကို ဆုဖလားကြီးကို ယူဆောင်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

“လွန်ခဲ့တဲ့ တစ်ပတ်ကတော့ ကျွန်တော်တို့တွေ ခက်ခဲ့တဲ့ ပွဲ(၂)ပွဲကို အနိုင်ယူခဲ့ပြီးတဲ့နောက်မှာ ပြိုင်ဘက်က တစ်ခုခုများ ဖြစ်လာမလားဆိုပြီး စောင့်မျှော်ခဲ့ပေမယ့် ဘာမှတော့ ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့အလုပ် ဆက်လုပ်ပြီး ဆုတောင်းရပါမယ်။” လို့ အာတီတာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။