ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄)မှာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အဆင့်(၁) နေရာကို ရောက်နေတုန်း ပျော်ပျော်နေကြဖို့ ကစားသမားတွေကို မှာလိုက်ပါတယ်။

အာဆင်နယ်က ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်နေရပြီး အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ၂ပွဲပို ကစားထားရာ ရမှတ် ၂မှတ်သာ ဖြတ်တောက်ထားနိုင်တာကြောင့် ချန်ပီယံဖြစ်ဖို့ အတွက် လက်ကျန်ပွဲတွေ အားလုံးကို အမှားအယွင်း မရှိ အနိုင် ကစားဖို့ လိုအပ်သလို မန်ချက်စတာ စီးတီးက အမှားတွေ လုပ်တာကိုလည်း စောင့်ဆိုင်းဖို့ လိုအပ်နေပါတယ်။

Photo Credit: Indian Express

ယနေ့မနက် အစောပိုင်းမှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) အဖြစ် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ အဓိက တိုက်စစ်မှူး ဂျေဇူးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်က ချယ်လ်ဆီးကို အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ အဆင့်(၁)နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ ဝက်စ်ဟမ်း ပွဲစဉ်မှာသာ မန်ချက်စတာ စီးတီးက နိုင်ပွဲ မရခဲ့ရင် အာဆင်နယ်ဟာ ယခုအပတ်အကုန် အထိ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်ရဲ့ နည်းပြချုပ် မီခေး အာတီတာကတော့ အဆင့်(၁)နေရာကို ပြန်ရောက်တုန်းမှာ ပျော်ပျော်ရွှင်ရွှင် နေကြဖို့ သူ့အသင်းသားတွေကို မှာကြားလိုက်သလို သူတို့အသင်းကသာ လက်ကျန်ပွဲတွေကို အမှားအယွင်း မရှိ နိုင်ပွဲတွေ ရအောင် ကစားနိုင်ရင် ချန်ပီယံ ဖြစ်နိုင်ဦးမယ်လို့ ယုံကြည်နေကြောင်း ဆိုလာပါတယ်။

အာတီတာက – “ရာသီကုန်ဖို့ ၄ပွဲပဲ လိုပါတော့တယ်။ အခုတော့ ကျွန်တော်တို့က အဆင့်(၁)နေရာကို ပြန်ရခဲ့ပါပြီ။ ကျွန်တော်တို့က စိတ်ဓာတ်ကျနေလို့ မရပါဘူး။ ကျွန်တော်တို့က ဒီနေရာမျိုးမှာ ရပ်တည်နိုင်ဖို့ အတွက် ၁၀လလောက် ကြိုးစားခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော်တို့က အဆင့်(၁)နေရာကို ပြန်ရတုန်းမှာ ပျော်ပျော်ရွှင်ရွှင် နေရပါမယ်။ ကျွန်တော်တို့က ကိုယ် စွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေကို ပြန်တွေးရင်း ကြည်နူးဖို့ လိုပါတယ်။ ကျွန်တော်တို့က အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ပြပြီး လက်ကျန်ပွဲတွေမှာ ရမှတ် အပြည့် ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။