ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြချုပ် ဖြစ်တဲ့ အာတီတာ ကတော့ ဥရောပပြိုင်ပွဲ ဖြစ်တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်အတွက် အသင်းရဲ့ လူစာရင်းကို တင်သွင်းရာမှာ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ကို ချန်လှပ်သွားခဲ့ကြောင်း Football London သတင်းဌာနက ဖော်ပြ သွားပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ စီနီယာ ကစားသမားတွေ အလွန် များပြားနေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး အသင်းရဲ့ လူစာရင်းထဲမှာ မပါမဖြစ် ပါဝင်ရမယ့် Home Grown ကစားသမားတွေ အတွက် နေရာတွေ ထည့်သွင်းဖို့ လိုအပ်လာချိန်မှာတော့ စီနီယာ ကစားသမားတွေထဲက တချို့ကို အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ ရပါတယ်။

Photo Credit: Express

သတင်းတွေ အရတော့ လက်ရှိ အာဆင်နယ်အသင်းရဲ့ လူစာရင်းမှာ စီနီယာ ကစားသမား ၂၇ဦးအထိ ရှိနေခဲ့ပြီး ယူရိုပါလိဂ် အုပ်စုအဆင့် အတွက် ပေးရတဲ့ ကစားသမားစာရင်းဟာ ၂၅ဦးသာ ရှိတာကြောင့် စီနီယာ ကစားသမား နှစ်ဦးကို ဖယ်ရှားရမယ် လို့ သိရပါတယ်။ လက်ရှိအချိန် အထိတော့ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့် အတွက် အသင်းရဲ့ လူစာရင်းကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပေမယ့် Football London သတင်းဌာန ကတော့ အိုဇေးလ်နဲ့ ဆိုကရာတစ် တို့ဟာ အာဆင်နယ်အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှားခံခဲ့ရကြောင်း အခိုင်အမာ ဖော်ပြ သွားပါတယ်။ အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်း ကနေ ဖယ်ရှားခံရမယ် လို့ သတင်းကြီးနေသူ နှစ်ဦး ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ယူရိုပါလိဂ် လူစာရင်း ကနေ ဦးစွာ ဖယ်ရှား ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၃၁နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား အိုဇေးလ်ဟာ တစ်ချိန်က အာဆင်နယ်အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့အပြီးမှာ များပြားလှတဲ့ လုပ်ခ လစာငွေကြောင့် အသင်းဘုတ်အဖွဲ့ရဲ့ အမြင်မကြည်မှုတွေကို ခံနေရတဲ့သူပါ။ အသက် ၃၂နှစ်အရွယ် ဂရိခံစစ်မှူးကြီး ဆိုကရာတစ် ကတော့ လက်ရှိ အသင်းရဲ့ လူစာရင်းမှာ ဗဟိုခံစစ်မှူး များပြားနေတာကြောင့် အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှားခံခဲ့ရသူပါ။ Football London ကတော့ အာတီတာဟာ အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ကို ယူရိုပါလိဂ် လူစာရင်း ကနေ ချန်လှပ် သွားခဲ့တာကြောင့် မကြာမီမှာ ပေးရမယ့် ပရီးမီးယားလိဂ် လူစာရင်းမှာလည်း ဆိုကရာတစ်နဲ့ အိုဇေးလ်တို့ကို ထပ်မံ ချန်လှပ်သွားဖွယ် ရှိကြောင်း သုံးသပ် ထားပါတယ်။