ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေတဲ့ စပါးကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ရတာက ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့်လို့ ပွဲအပြီးမှာ ဆင်ခြေပေးသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံ အသင်းနှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄ကို သိမ်းပိုက်နိုင်ဖို့ အပြိုင်အဆိုင် ဖြစ်နေကြတဲ့ အသင်းတွေ ဖြစ်ကြပြီး ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာသာ အာဆင်နယ်က စပါးကို အနိုင်ရခဲ့ရင် အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရသွားဖို့ ရှိနေပေမယ့် အိမ်ရှင် စပါးကသာ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ အာဆင်နယ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိကာ သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။

Photo Credit: Football London

စပါးရဲ့ အိမ်ကွင်းမှာ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ အိမ်ရှင် စပါးက ပွဲစတင်ကတည်းက အာဆင်နယ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ဧည့်သည် အာဆင်နယ်ကတော့ အနိမ့်ဆုံး သရေရလဒ် ရယူနိုင်အောင် ခံစစ်ပိုင်းကိုသာ ဦးစားပေး ကစားခဲ့ပါတယ်။

ဒါပေမယ့် ပွဲကစားချိန် ကြာလာတာနဲ့အမျှ အိမ်ရှင် စပါးဘက်က ပွဲကို စိုးမိုးလာနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၂မိနစ်နဲ့ ၃၇မိနစ်တို့မှာ ဟယ်ရီကိန်း ၊ ပွဲကစားချိန် ၄၇မိနစ်မှာ ဆွန်ဟောင်မင်တို့က စပါးအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကြကာ ဧည့်သည် အာဆင်နယ်ဘက် ကတော့ ပွဲကစားချိန် ၃၃မိနစ်မှာ နောက်ခံလူ ဟိုးဒင်းက နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Football London

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်သွားခဲ့ကာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် အမှားတွေသာ မရှိရင် သူတို့က စပါးကို ခြေရည်တူ ယှဉ်ပြိုင် ကစားနိုင်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “တကယ်လို့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရှိတဲ့ စကားတွေကိုသာ ပြောလိုက်မိရင် ကျွန်တော်က ၆လလောက် ပွဲပယ်ခံရလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့်ရဲ့ အမြင်တွေကို မပြောပြဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။ ဒီပွဲက ဆုံးဖြတ်ချက် အမှားတွေကြောင့် ဖျက်ဆီးခံလိုက်ရတာပါ။ ကျွန်တော်က ကွင်းလယ်ဒိုင်နဲ့ ပတ်သတ်ပြီး ထပ်မပြောချင်ပါဘူး။ ကျွန်တော်က တနင်္လာနေ့မှာ အသင်းနဲ့အတူ ရှိနေချင်ပါတယ်။ ဒါကြောင့် ပွဲအပယ်မခံရအောင် ဘာမှမပြောဖို့ တွေးထားပါတယ်။ ကျွန်တော်တို့က ဒီပွဲကို အကောင်းဆုံး ကစားဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ပွဲအစပိုင်းမှာ ကျွန်တော်တို့တွေ ဘယ်လိုပုံစံနဲ့ ကစားခဲ့လဲ ဆိုတာကို ခင်ဗျားတို့လည်း တွေ့ကြပါလိမ့်မယ်။ ဒီပွဲက လှပတဲ့ ပွဲတပွဲ ဖြစ်ခဲ့သင့်ပေမယ့် လူတယောက်ကြောင့် ပျက်ဆီးသွားခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။