ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ် ဖောရက်စ်အသင်းကို အဝေးကွင်းမှာ အမှတ်မထင် အရေးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ နိုင်ပွဲဆာလောင်စိတ်ကို မေးခွန်းထုတ်သွားခဲ့ပါတယ်။
ယခုနှစ် ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရထားတာကြောင့် ပြည်တွင်းပွဲစဉ်တွေကိုသာ အဓိကထား ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
Photo Credit: ESPN
နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ ကစားပုံကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပြီး အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ အိုဒီဂတ် ၊ ဘန်ဝှိုက် ၊ မာတီနယ်လီတို့ကို အရန် ကစားသမားတွေ ဖြစ်တဲ့ ဟိုးဒင်း ၊ ဆီဒရစ် ၊ အန်ခီးတီးယား ၊ လိုကွန်ညာတို့နဲ့ တွဲဖက်ကာ အသုံးပြုခဲ့ပါတယ်။
အရန်ကစားသမား တချို့ကို အသုံးပြုထားပေမယ့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိနေတဲ့ အသင်းတသင်း ဖြစ်တာကြောင့် နော်တင်ဟမ် ဖောရက်စ်အသင်းကို အလွယ်တကူပဲ အနိုင်ရသွားလိမ့်မယ်လို့ အားလုံးက ထင်မှတ်ထားကြပေမယ့် တကယ်တမ်းမှာတော့ နော်တင်ဟမ် ဖောရက်စ်ရဲ့ ကစားပုံက အာဆင်နယ်ထက် ပိုမို ကောင်းမွန်နေခဲ့ကာ အာဆင်နယ်အနေနဲ့ တပွဲလုံးမှာ ဂိုးပေါက်တည့် ကန်ချက် ၁ကြိမ်တောင် မရခဲ့ပါဘူး။
Photo Credit: ESPN
ဒါကြောင့်ပဲ အာဆင်နယ် ပရိသတ် အများစုက အသင်းရဲ့ အအောင်မြင်ဆုံး ပြိုင်ပွဲတခု ဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာဟာ နည်းပြ အာတီတာရဲ့ ပြိုင်ဘက်အသင်း အပေါ် အထင်သေးခြင်းကြောင့် ဖြစ်ကြောင်း စွပ်စွဲနေကြပြီး အာတီတာ ကတော့ ယခုလိုမျိုး နော်တင်ဟမ် ဖောရက်စ်အသင်းကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရတာက ကစားသမားတွေရဲ့ နိုင်လိုစိတ် အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဆင်ခြေပေးသွားခဲ့ပါတယ်။
အာတီတာက – “ဒီနေ့ပွဲမှာ ကျွန်တော်တို့က မောင်းနှင်အားတွေ ၊ နိုင်လိုစိတ်တွေ လိုအပ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးက ကျွန်တော်တို့အသင်းမှာ ရှိရမယ့် အဆင့်အတန်းမျိုး မဟုတ်ခဲ့ပါဘူး။ ပထမဦးဆုံး အနေနဲ့ ပြောရရင် ကျွန်တော်က အသင်းရဲ့ ကစားပုံအတွက် အတော်လေးကို စိတ်ပျက်မိပါတယ်။ ဒါက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ဝေဖန်တာ မဟုတ်ပေမယ့် ခက်ခဲတဲ့ ပွဲတပွဲကို ကစားနေရချိန်မှာ ငါတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ၊ ငါတို့ ဘာတွေ လုပ်ရမလဲ စတဲ့ အချက်တွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ ၁၈နှစ်လုံးလုံး ဒီလိုမျိုးပွဲတွေကို အများကြီး ကစားခဲ့ရတဲ့သူပါ။ ဒါကြောင့် ဒီလိုမျိုးပွဲတွေမှာ ခက်ခဲမှုတွေ ရှိနိုင်တာ သိထားပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ ပွဲတပွဲကို ကစားနေရရင် မတူညီတဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့တွေက အနိုင်ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ်” လို့ ပြောကြားခဲ့တာပါ။