ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက သူတို့အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် သူ့ကစားသမားတွေ အတွက် ဂုဏ်ယူမိကြောင်း ပြောလာပါတယ်။

အာတီတာရဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အဖြစ် ယမန်နေ့ညမှာ ရှောင်ဒိုက်ကို နည်းပြသစ် အဖြစ် ခန့်ထားတဲ့ အဲဗာတန်အား အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲမှာ အာဆင်နယ်ဟာ အိမ်ရှင် အဲဗာတန်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေခဲ့သလို ပုံမှန် ခြေစွမ်းကောင်း တရပ်ကိုလည်း မရခဲ့ပါဘူး။

Photo Credit: Mirror

အဲဗာတန် ၁-၀ အာဆင်နယ်ပွဲမှာ အိမ်ရှင် အဲဗာတန်က ၄-၅-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး အိုနာနာ ၊ ဒူကူရီ ၊ ဂူယီ ၊ အီဝိုဘီနဲ့ မက်ဂ်နေးတို့ရဲ့ လုပ်အားနှုန်းတွေနဲ့အတူ အာဆင်နယ်ကို တရစပ် ဖိအားပေး ကစားဖို့ ကြိုးစားခဲ့ကာ အာဆင်နယ်ကတော့ သူတို့ရဲ့ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာကာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ဖို့ ကြိုးစား ကစားခဲ့ပါတယ်။

ဒါပေမယ့် ရှောင်ဒိုက်ရဲ့ နည်းစနစ်တွေက ပိုမို အလုပ်ဖြစ်ခဲ့ပြီး အိုနာနာ ၊ ဒူကူရီ ၊ ဂူယီတို့ရဲ့ ကွင်းလယ်က ပါတေးနဲ့ ချာကာတို့ နှစ်ဦးထဲသာ ရှိနေတဲ့ အာဆင်နယ်ကွင်းလယ်ကို စိုးမိုးနိုင်ခဲ့သလို အီဝိုဘီနဲ့ မက်ဂ်နေးတို့ကလည်း အာဆင်နယ်ရဲ့ အစွန်ခံစစ်မှူးတွေ ဖြစ်တဲ့ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် အဲဗာတန်ကပဲ အာဆင်နယ်ကို ကစားကွက် အသာစီးနဲ့ ကစားသွားနိုင်ခဲ့ကာ အဲဗာတန်အတွက် တလုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၆၀မိနစ်မှာ နောက်ခံလူ တာကောစကီးက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာပါ။

Photo Credit: Mirror

အဲဗာတန် ၁-၀ အာဆင်နယ် ပွဲပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းဟာ အဲဗာတန်ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန်ကို မယှဉ်နိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပေမယ့် သူ့ရဲ့ ကစားသမားတွေကို အပြစ်တင်ဖို့ ငြင်းဆန်သွားသလို ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု အတွက် ဂုဏ်ယူပါတယ်လို့ ဆိုလာပါတယ်။

အာတီတာက – “ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့သလို အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရည်ရွယ်ချက် ပျောက်နေခဲ့သလို ပြိုင်ဘက်ရဲ့ ခံစစ်စည်းထဲမှာ အရည်အသွေးတွေ ကင်းမဲ့ခဲ့ပါတယ်။ သူတို့က ဂိုးရပြီးတဲ့နောက် ပွဲအရှိန်ကို နှေးခဲ့သလို ကျွန်တော်တို့ကလည်း သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ပိုမို ရုန်းကန်လာရပါတယ်။ အဲဗာတန်က အသင်းတိုင်းကို ဒီလိုပဲ ကစားခဲ့တာပါ။ သူတို့ရဲ့ ကြံ့ခိုင်မှု ကောင်းမွန်တာက သူတို့ရဲ့ လက်နက်ပါ။ ဒါကြောင့် ကျွန်တော်တို့က ပွဲကို ထိန်းချုပ်ချင်ရင် သူတို့ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန်ကို ထိန်းချုပ်နိုင်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီလို မလုပ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့က ပိုပြီး တည်ငြိမ်ဖို့နဲ့ ပွဲထဲမှာ စိတ်ခံစားချက်တွေကို ပိုထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က မလိုအပ်ပဲ ပြစ်ဒဏ်ဘောတွေ အများကြီး ပေးခဲ့ရပါတယ်။ အဲဗာတန် လိုချင်တာကလည်း တည်ကန်ဘောတွေပါပဲ။ ဒါပေမယ့် ကျွန်တော်က ဒီနေ့မှာ ကစားသမားတွေကို ပြီးခဲ့တဲ့ ၁လ ၊ ၁ပတ်ထက် ပိုချစ်နေပါတယ်။ ကျွန်တော်က ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။ သူတို့က အခုလိုမျိုးနဲ့ (အဆင့်၁နေရာ ရောက်နေမှုအား ရည်ရွယ်လျက်) ထိုက်တန်တဲ့ ကစားသမားတွေပါ။ အောင်မြင်မှုဆီ ချီတက်တဲ့ လမ်းက ဘယ်တော့မှ ပန်းခင်းလမ်း ဖြစ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ရဲ့ အရည်အသွေးတွေကို ပိုမို ထုတ်ဖော်ပြီး ပိုကောင်းအောင် ကစားပြရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။