ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)မှာ ဘန်လေအသင်းလို ကြံ့ခိုင်မှု အသားပေး ကစားကာ အနိုင်ယူဖို့ ခက်တဲ့ ပြိုင်ဘက်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ပျော်ရွှင် ကျေနပ်မိတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီအစမှာ လိဂ်အဖွင့်ပွဲ ၃ပွဲ ဆက်တိုက် အရေးနိမ့်ကာ သွင်းဂိုး တဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၅)မှာတော့ အိမ်ကွင်း မာကျောတဲ့ ဘန်လေအသင်းကို အဝေးကွင်းမှာ ကွင်းလယ်တိုက်စစ် ကစားသမား အိုဒီဂတ်ရဲ့ လှပ သေသပ်တဲ့ ဖရီးကစ်သွင်းဂိုးနဲ့ အတူ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။

Photo Credit: Flip Board

ဘန်လေအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ရခဲ့ခြင်း မရှိပေမယ့် အာဆင်နယ် ကစားသမားတွေဟာ အဝေးကွင်းမှာ အနိုင်၃မှတ် ရရှိဖို့ အတွက် အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ကြပြီး အဲ့ဒီလိုပုံစံမျိုးကို အာဆင်နယ်အသင်းမှာ မမြင်တွေ့ရတာ အတော်လေးကို ကြာမြင့်နေပါပြီ။

ဒါကြောင့်လည်း အာဆင်နယ်နည်းပြ အာတီတာက ဘန်လေအသင်းနဲ့ ပွဲစဉ်အပြီးမှာ အသင်းအတွက် အစွမ်းကုန် ရုန်းကန် ကြိုးစားပေးခဲ့တဲ့ အသင်းသားတွေကို ချီးကျူးခဲ့ပြီး အသင်းသားတွေရဲ့ ကြိုးစားမှုအပေါ် ဂုဏ်ယူမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Flip Board

အာတီတာက – “ဒီနိုင်ပွဲက အနိုင်ရဖို့ ခက်ခဲတဲ့ နေရာတခုမှာ အတော်လေး ရုန်းကန်ပြီးမှ ရခဲ့တဲ့ နိုင်ပွဲလို့ ဆိုရမှာပါ။ ခင်ဗျားက အနိုင်ရချင်ရင် ပြိုင်ဘက်ကို ရင်ဆိုင် တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေရပါမယ်။ ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တဲ့ အခိုက်အတန့် တချို့ ရှိခဲ့သလို ပွဲကိုလည်း လွှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဘောလုံးကို အလွယ်တကူ ဆုံးရှုံးခဲ့ရတဲ့ အကြိမ်ရေ အတော်များခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမား တချို့က ဒီလို ကြမ်းတမ်းတဲ့ ပွဲမျိုးကို ကစားနိုင်တဲ့ ကြံ့ခိုင်မှု မရှိကြပါဘူး။ ဒါပေမယ့် သူတို့တွေ အကောင်းဆုံး ကြိုးစားပေးခဲ့ပြီး အဆုံးသတ်မှာတော့ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ဘန်လေအသင်းကို အကောင်းဆုံး ခုခံနိုင်ခဲ့တဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိပြီး နိုင်ပွဲအတွက်လည်း ကျေနပ် ပျော်ရွှင်မိပါတယ်” လို့ ဖွင့်ဟ ပြောကြားလာတာပါ။