ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူသစ် ပါတေးရဲ့ ခြေစွမ်းကို အတော်လေး အားရကျေနပ်မိကြောင်း ပွဲပြီး အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ရက်ပစ်ဒ်ဝီယန်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူသစ် ပါတေးဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်လာသလို ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်း တစ်ခုကို ထုတ်ပြ သွားနိုင်ခဲ့ကာ အာဆင်နယ် အသင်းဟာလည်း အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အဖွင့်လှခဲ့ပါတယ်။

Photo Credit: Goal

ယူရိုပါလိဂ်အုပ်စု အဖွင့်ပွဲစဉ် ဖြစ်တာကြောင့် ရလဒ်ကောင်း ရရှိဖို့ အတွက် အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ ၄-၄-၂ ကစားကွက်ကို ခင်းကျင်းလာခဲ့ပြီး ပါတေးဟာ အယ်နီနီနဲ့ တွဲဖက်ကာ အသင်းရဲ့ ကွင်းလယ်မှာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ပါတေးဟာ အဆိုပါပွဲစဉ်မှာ တိုက်စစ်ပိုင်းကို လိုက်ပါကစားခြင်း မရှိခဲ့ပေမယ့် ယခင်နှစ်တွေက အာဆင်နယ်အသင်းမှာ မရှိခဲ့တဲ့ မာကျောတဲ့ ကွင်းလယ် ကစားဟန် တစ်ခုကို ပြသနိုင်ခဲ့ပြီး အသင်းရဲ့ နိုင်ပွဲမှာ အရေးပါတဲ့ ကစားသမားတစ်ဦး အဖြစ် ပါဝင် နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ပါတေးရဲ့ ခြေစွမ်းဟာ အတော်လေးကို ကောင်းမွန်ခဲ့ပြီး တစ်သင်းလုံးနီးပါး တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာ အတွင်းကို ဝင်ရောက်ကာ ကစားနေချိန်မှာ သူတစ်ဦးထဲနဲ့ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်း ပြသွားခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာလည်း ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ ပါတေးရဲ့ ခြေစွမ်းကို ချီးကျူး ပြောဆိုမှု ပြုလုပ်ခဲ့သလို ပါတေးဟာ နောက်လာမယ့် ပွဲစဉ်တွေမှာ ယခုထက် ပိုမိုတဲ့ ခြေစွမ်းကို ပြသနိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။ ပါတေးရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အာတီတာက ” ပါတေးရဲ့ ခြေစွမ်းက တကယ့်ကို တင်းပြည့်ကျပ်ပြည့်ပါပဲ။ သူဟာ ပိုပြီး သက်တောင့်သက်သာ ရှိလာပါတယ်။ ဒုတိယပိုင်းမှာ ဆိုရင် သူဟာ တစ်ဦးထဲနဲ့ အသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်းနိုင်ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ဟာ တိုက်စစ်ကို ပိုမို ကစားဖို့ လိုအပ်ခဲ့သလို နေရာလွတ်တွေ ရရှိလာအောင်လည်း တချို့ ကစားသမားတွေကို တိုက်စစ် လိုက်ပါစေခဲ့ပါတယ်။ ဒီညမှာတော့ ပါတေးဟာ အတော်လေးကို ကောင်းမွန်ခဲ့ပါတယ်။ လာမယ့် ပွဲစဉ်တွေမှာလည်း သူ့ဆီကနေ ဒီထက်ပိုတဲ့ ခြေစွမ်းတွေ ရရှိလာမှာ သေချာပါတယ် ” လို့ ပြောကြား သွားခဲ့တာပါ။