MySport Myanmar

အကယ်ဒမီထွက် ကစားသမားတွေနဲ့ အလုပ်ဖြစ်နေလို့ ကျေနပ်နေတဲ့ အာတီတာ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်တဲ့ စမစ်ရိုဝီ ၊ ဘူကာယို ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့လို့ ကျေနပ် ပျော်ရွှင်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် ရရှိအောင် အဓိက ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆)မှာ ဘရန့်ဖို့ဒ်ကို အနိုင်ယူဖို့ အားကုန် ကြိုးပမ်းခဲ့ရပြီး အိမ်ကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Eurosports

အဆိုပါပွဲစဉ်မှာ အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အကယ်ဒမီထွက် လူငယ် ကစားသမားတွေ ဖြစ်တဲ့ စမစ်ရိုဝီ ၊ ဆာကာ စတဲ့ ကစားသမားတွေရဲ့ ကစားအားကြောင့်ပဲ ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ရဲ့ ချေပဂိုးကတော့ ပွဲပြီးခါနီးမှ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ အနိုင်ဂိုး ၂ဂိုးစလုံးကို အကယ်ဒမီထွက် ကစားသမားတွေကပဲ သွင်းယူပေးခဲ့တဲ့ အတွက် ကျေနပ် ပျော်ရွှင်မိကြောင်းနဲ့ အနာဂတ်မှာလည်း အကယ်ဒမီထွက် ကစားသမားတွေကို နေရာပေးဖွယ် ရှိကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Eurosports

အာတီတာက – “သူတို့က (စမစ်ရိုဝီနဲ့ ဆာကာ) ကျွန်တော်တို့ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားတွေပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကယ်ဒမီထွက် ကစားသမားတွေက အသင်းရဲ့ တာဝန်တွေကို ယူထားပြီး ခြေစွမ်းပြ ကစားနိုင်တဲ့ အပေါ် ကျွန်တော် အတော်လေး သဘောကျမိပါတယ်။ သူတို့ကြောင့်ပဲ ကျွန်တော်တို့က အနိုင်ရခဲ့တာပါ။ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းတသင်းကို ဦးဆောင်ပေးနေတဲ့ သူတို့ရဲ့ ခြေစွမ်းပိုင်းက အထင်ကြီးစရာပါပဲ” လို့ ချီးကျူးသွားခဲ့တာပါ။

Exit mobile version