ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးကို ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ သရေပြန်ကျခဲ့လို့ အပြည့် မပျော်နိုင်ခဲ့ပေမယ့် အပိုင် ဂိုးသွင်းခွင့် ၄ကြိမ်ကို ကာကွယ်ပြခဲ့တဲ့ ဂိုးသမား ရမ်စဒဲလ်ရဲ့ လက်စွမ်းတွေကို သဘောကျမိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်က ယခုတပတ်မှာ ပွဲကျပ်အဖြစ် လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ အာတီတာက အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပေမယ့် အနိုင် ၃မှတ်ကို ရခဲ့ခြင်းတော့ မရှိပါဘူး။

Photo Credit: Independent

အာဆင်နယ်က လီဗာပူးရဲ့ အန်ဖီးလ်ကွင်းကို သွားရောက်ရတိုင်း ရလဒ်တွေ ဆိုးလေ့ ရှိပေမယ့် ဒီတကြိမ်မှာတော့ အိမ်ရှင် လီဗာပူးကို ၂ဂိုးပြတ် ဦးဆောင်ခွင့် အထိ ရရှိခဲ့ပြီး လီဗာပူးရဲ့ ရုန်းအားနဲ့ ခံစစ်ပိုင်း အမှား တချို့ ရှိခဲ့တာကြောင့်သာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာပါ။

လီဗာပူး ၂-၂ အာဆင်နယ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာ အာဆင်နယ်က လီဗာပူးထက် ခြေစွမ်းပိုင်း ပိုကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ အိမ်ရှင် လီဗာပူးကသာ အာဆင်နယ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး အာဆင်နယ် ဂိုးသမား ရမ်စဒဲလ်က ဆာလာရဲ့ အပိုင်ကန်ချက် ၂ကြိမ် ၊ နူနက်ဇ်ရဲ့ တဦးချင်း အတွေ့ ကန်သွင်းချက်နဲ့ ကိုနာတေးရဲ့ အနီးကပ် ပိတ်သွင်းမှုတွေကိုသာ စွမ်းစွမ်းတမံ မကာကွယ်နိုင်ခဲ့ရင် အာဆင်နယ်ဟာ ရှုံးပွဲနဲ့တောင် ရင်ဆိုင်ခဲ့ရမှာပါ။

Photo Credit: Football London

ဒါကြောင့်ပဲ လီဗာပူး ၂-၂ အာဆင်နယ် ပွဲအပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက ရှုံးပွဲမကြုံရအောင် အသင်းကို အကောင်းဆုံး ကူညီနိုင်ခဲ့တဲ့ ရမ်စဒဲလ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။ အာတီတာက – “ဒီပွဲက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ပွဲပါ။ ကျွန်တော်တို့က ပွဲကို အကောင်းဆုံး စတင် နိုင်ခဲ့သလို ဦးဆောင်ဂိုး ၂ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း မပြီးခင်မှာပဲ ကျွန်တော်တို့က သူတို့ကို ပေးဂိုး ၁ဂိုး ပြန်ပေးခဲ့ရပါတယ်။ အဲ့ဒီပေးဂိုးကပဲ သူတို့ရဲ့ ယုံကြည်မှုတွေကို တိုးသွားစေခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က သူတို့ကို မယှဉ်နိုင်တော့ပါဘူး။ ကျွန်တော်တို့က အန္တရာယ်များတဲ့ နေရာတွေမှာ တောက်လျှောက် ဘောလုံးတွေ ဆုံးရှုံးခဲ့ရသလို ပြိုင်ဘက်ရဲ့ အန္တရာယ်များတဲ့ တိုက်စစ်ဆင်မှုတွေကို မတားနိုင်ခဲ့ပါဘူး။ အဲ့ဒီလို အခြေအနေကို ရောက်သွားရင် ပေးဂိုးတွေ ပြန်ပေးရတာက ထုံးစံပါပဲ။ ကျွန်တော်တို့က ကစားပုံ မယှဉ်နိုင်တော့တဲ့ အချိန်မှာ အာရွန် ဦးဆောင်နေတဲ့ ခံစစ်ကိုပဲ အားကိုးခဲ့ရပါတယ်။ ကံကောင်းတာက သူတို့တွေ ပင်နယ်တီ လွဲသွားတာပါပဲ။ အာရွန်ရဲ့ လက်စွမ်းကတော့ အရမ်းကို ကောင်းခဲ့ပါတယ်။ ခင်ဗျားက ချန်ပီယံလုပွဲထဲမှာ ပါချင်ရင် အာရွန်လို ဂိုးသမားမျိုး လိုကို လိုအပ်ပါတယ်။ အယ်လီဆန်က လီဗာပူး အတွက် ဘယ်လို အောင်မြင်မှုတွေ ယူပေးခဲ့လဲ ဆိုတာကို ခင်ဗျားတို့ မျက်မြင်ပဲလေ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။