ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီကေး အာတီတာ ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရက်ဖ် ရန်းဂ်နစ်ဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိပြီး အဆိုပါပွဲစဉ်ဟာ ရာသီကုန်မှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိချင်နေတဲ့ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲစဉ်တပွဲလည်း ဖြစ်ပါတယ်။

Photo Credit: The Athletic

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းရဲ့ နည်းပြသစ် အဖြစ် နာမည်ကြီး ဂျာမန်လူမျိုးနည်းပြ ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပြီး ရန်းဂ်နစ်ဟာ အလုပ်ဗီဇာ မရသေးတာကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို ကြီးကြပ်နိုင်မှာ မဟုတ်ပေမယ့် အိုးထရက်ဖို့ဒ်ကွင်းထဲမှာတော့ ရှိနေမှာပါ။

ဒါပေမယ့် လက်ရှိအချိန်အထိ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဥရောပ ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ဖူးခြင်း မရှိသေးတဲ့ ရန်းဂ်နစ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်သူတွေ အများအပြား ရှိနေသေးပြီး အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ရန်းဂ်နစ်ဟာ ထိပ်တန်း နည်းပြတဦး ဖြစ်ကြောင်း ပြောဆိုကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။

Photo Credit: The Athletic

အာတီတာက – “ ရန်းဂ်နစ်က ထိပ်တန်း နည်းပြတွေထဲက တဦးပါ။ သူ့ကို ပွဲတပွဲကို ကြီးကြပ်တဲ့ နေရာမှာသာ ထူးချွန်တာ မဟုတ်ပဲ နေရာစုံမှာ ထူးချွန်တဲ့ နည်းပြတဦးလည်း ဖြစ်ပါတယ်။ သူက ပွဲအပေါ် ချဉ်းကပ်မှု တချို့ကို မြေလှန်ပစ်ပြီး ပြောင်မြောက်တဲ့ ပြောင်းလဲမှု တချို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် သူက ဘောလုံးလောကရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး လူပုဂ္ဂိုလ်တွေထဲက တဦး ဖြစ်နေတာပါ။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဒီလိုလူမျိုးကို ခန့်အပ်ခဲ့တာကလည်း တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။