ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ဝုဗ်ကို အိမ်ကွင်းမှာ ဒရာမာဆန်ဆန် နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် နောက်ဆုံးချိန်အထိ ရေကုန်ရေခမ်း ကြိုးစား ကစားခဲ့တဲ့ အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အသင်းတသင်း ဖြစ်ပြီး ဝုဗ်ကို အနိုင်ရလိုက်တာက သူတို့အသင်း အတွက် အတော်လေး အရေးပါတဲ့ နိုင်ပွဲပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အာဆင်နယ်ဟာ ပွဲအစ ၁၀မိနစ်မှာပဲ ဝုဗ်တိုက်စစ်မှူး ဟွမ်ဟီချန်ရဲ့ ဦးဆောင်ဂိုး သွင်းယူတာကို ခွင့်ပြုပေးခဲ့ရပေမယ့် ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ အချိန်မှ စတင်ပြီး အာဆင်နယ်ဟာ တပွဲလုံး တရစပ် တိုက်စစ်ဆင် ကစားခဲ့ကာ တောင်ပံတိုက်စစ် ကစားသမား ပေပေက ပွဲကစားချိန် ၈၂မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၉၀+၅မိနစ် ရောက်ရှိချိန်မှာတော့ အာဆင်နယ်ဟာ ဝုဗ်ခံစစ်မှူး ဆာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့အတူ အဖိုးတန် နိုင်ပွဲတပွဲကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့်ပဲ အာဆင်နယ်ဟာ ပွဲကျန် ၂ပွဲ ကစားဖို့ ကျန်နေသေးချိန်မှာပဲ အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာ အထိ တက်လှမ်းနိုင်ခဲ့သလို အဆင့်၄နေရာက မန်ချက်စတာ ယူနိုက်တက်နဲ့ ရမှတ် ၁မှတ်သာ ကွာဟပါတော့တယ်။

Photo Credit: Daily Mail

အာဆင်နယ်နည်းပြ အာတီတာ ကတော့ ဝုဗ်ကို အနိုင်ရရှိအောင် နောက်ဆုံးမိနစ် အထိ မဆုတ်မနစ် ကြိုးစား ကစားခဲ့တဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ကစားပုံကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ဝုဗ်ကို နောက်ဆုံးမိနစ်ဂိုးနဲ့ နိုင်ခဲ့တာက အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို အကူအညီ ပေးနိုင်လိမ့်မယ်လို့လည်း ပြောကြားသွားပါတယ်။

အာတီတာက – “ကျွန်တော်ကတော့ ဒီနေ့ပွဲကို နိုင်ခဲ့တဲ့ ပုံစံမျိုးကို အတော်လေး သဘောကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုမျိုး နောက်ဆုံးမိနစ်ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲကြောင့် အသင်းသားတွေရဲ့ စုစည်းမှု ၊ ယုံကြည်မှုနဲ့ သဟဇာတဖြစ်မှုတွေကို တိုးမြှင့်ပေးနိုင်လို့ပါ။ ဒီနိုင်ပွဲက ကျွန်တော်တို့တွေ အတော်လေး လိုအပ်နေတဲ့ နိုင်ပွဲတပွဲပါ။ ကျွန်တော်တို့တွေက ဒီနေ့မှာ ထူးခြားတဲ့ အရာတွေကို စွမ်းဆောင်ပြနိုင်ဖို့ ကြိုးစားခဲ့သလို ပရိသတ်တွေ မရှိရင်လည်း ကျွန်တော်တို့တွေ ဒီလိုမျိုး စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီပွဲရဲ့ အနိုင်အတွက် ကစားသမားတွေကိုလည်း ချီးကျူးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။