ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ တယောက်လျော့ အနေအထားနဲ့ လီဗာပူးအသင်းကို အဝေးကွင်းမှာ သရေခံကစားနိုင်ခဲ့တဲ့ အတွက် အတော်လေးကို ပျော်ရွှင်နေပါတယ်။

လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ပွဲကစားချိန် ၂၄မိနစ်မှာထဲက ကွင်းလယ်လူ ချာကာ တယောက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် မိနစ်၆၀ကျော် ၁ယောက်လျော့ အနေအထားနဲ့ ပွဲကို ယှဉ်ပြိုင် ကစားခဲ့ရပေမယ့် လီဗာပူးအသင်းကို ပေးဂိုးတွေ ခွင့်မပြုရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၀-၀ ဆိုတဲ့ ရလဒ်ကို ပိုက်ကာ လန်ဒန်မြို့ဆီ ပြန်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အာဆင်နယ်ဘက်က တယောက်လျော့သွားချိန်မှာ လီဗာပူးအသင်းက အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားခဲ့ပေမယ့် အာဆင်နယ်နည်းပြ အာတီတာရဲ့ ကောင်းမွန်တဲ့ ခံစစ်အခင်းအကျင်းကြောင့် လီဗာပူးအသင်း အနေနဲ့ အပိုင် ဂိုးသွင်းခွင့်တွေ မရခဲ့ပဲ တပွဲလုံးမှာ ဂိုးပေါက်တည့် ကန်ချက် တကြိမ်သာ ရှိခဲ့ပါတယ်။

ဒီရလဒ်ကြောင့်ပဲ လီဗာပူးအသင်း အနေနဲ့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားရမယ့် ပွဲကျန်မှာ ရုန်းကန်ရဖို့ ရှိနေပြီး အာဆင်နယ်အသင်း ကတော့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အဆုံးအဖြတ် ဖြစ်မယ့် ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရဖို့ ရှိနေတာကြောင့် လီဗာပူးအသင်းထက် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အခွင့်အလမ်း ပိုမို များပြားနေပါတယ်။

Photo Credit: Mirror

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာ ကတော့ တယောက်လျော့ အနေအထားနဲ့ လီဗာပူးအသင်းကို ပေးဂိုးမဲ့ သရေရလဒ် ရရှိအောင် ကစားနိုင်ခဲ့တဲ့ အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။

အာတီတာက – “အသင်းသားတွေက ပြင်းထန်တဲ့ တိုက်ပွဲဝင်လိုစိတ် ၊ ယုံကြည်ချက်နဲ့ စည်းလုံးမှုတွေကို ပြသသွားနိုင်ခဲ့ပါတယ်။ ခင်ဗျားတို့တွေလည်း အသင်းသားတွေရဲ့ ဒီပွဲမှာ မရှုံးအောင် ကစားမယ် ဆိုတဲ့ စိတ်ဓာတ် ခိုင်မာမှုကို မြင်တွေ့ခဲ့ကြမှာပါ။ သူတို့က အရှုံးမပေးဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားခဲ့ကြပါတယ်။ ဒါကပဲ ပြိုင်ဘက်အသင်းကို ခက်ခဲအောင် လုပ်သွားတဲ့ အရာပါ။ ဒါကြောင့် ကောင်လေးတွေကို ချီးကျူးချင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။