ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ EFLဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်းကို ဂိုးဒါဇင်ဝက် သွင်းယူကာ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ဟာ မှန်ကန်တဲ့ လမ်းကြောင်းတခုပေါ် ပြန်ရောက်နေပြီ လို့ ဆိုသွားပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲ ၂ပွဲ ဆက်တိုက် အရေးနိမ့်ထားတာကြောင့် အာတီတာနဲ့ အာဆင်နယ် ကစားသမားတွေဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ယခုလို ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တာဟာ အာဆင်နယ်အသင်း အတွက် အသက်ရှူချောင်စရာ ကိစ္စတခု ဖြစ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါ့အပြင် အဆိုပါပွဲစဉ်မှာ သွင်းဂိုးတွေ ပျောက်ဆုံးနေတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ၊ တိုက်စစ်မှူး လာကာဇက်နဲ့ တောင်ပံ ကစားသမား ပေပေတို့ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကြတာဟာ အတော်လေးကို ကောင်းမွန်ပါတယ်။

ဝက်စ်ဘရွန်းအသင်းကို ဂိုးဒါဇင်ဝက်အထိ သွင်းယူနိုင်ခဲ့ပြီးနောက် အာတီတာက ယနေ့ပွဲမှာ အာဆင်နယ် ကစားသမားတွေရဲ့ နိုင်လိုစိတ် ပြင်းထန်မှုကို သဘောကျကြောင်းနဲ့ အသင်းဟာ တဖြည်းဖြည်းနဲ့ အပေါင်း လက္ခဏာ ဆောင်လာကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်အသင်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး အာတီတာက – “ဒီနေ့ပွဲနဲ့ ပတ်သတ်ပြီး လေ့ကျင့်ခန်း အစီအစဉ်မှာ ၊ ပွဲစတဲ့ အချိန်တွေမှာ အသင်းသားတွေရဲ့ နိုင်လိုစိတ် ပြင်းထန်ပုံကို မြင်ခဲ့ရပါတယ်။ ပြီးတော့ အသင်းရဲ့ ကစားပုံကလည်း မာကျောမှု ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၂ပွဲမှာ မနိုင်ခဲ့တာကြောင့် ကျွန်တော်တို့တွေ အားလုံး စိတ်ပျက်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ၊ ကစားသမားတွေရဲ့ စုစည်းမှုကို မြင်ရတဲ့အခါ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ခင်ဗျား ပွဲတပွဲကို ရှုံးပြီးရင် အရေးအကြီးဆုံးက နောက်ပွဲမှာ ပြန်နိုင်ဖို့ပဲလေ။ ခပ်မြန်မြန် နိုင်ဖို့ လိုတယ်။ ပြီးတော့ ယုံကြည်မှုတွေလည်း ပြန်ရဖို့ လိုတယ်။ ဒီနေ့ပွဲမှာတော့ ဂိုးမပေးရဘူး။ ပြီးတော့ ကောင်းမွန်တဲ့ သွင်းဂိုး တချို့ကို သွင်းနိုင်ခဲ့တယ်။ ကစားသမားတွေ လိုအပ်နေတဲ့ ပွဲကစားချိန်တွေလည်း ပေးနိုင်ခဲ့တယ်။ ခြုံပြီး ကြည့်ရရင်တော့ အရမ်းကို ကောင်းခဲ့တဲ့ ပွဲတပွဲပါ” လို့ ပြောကြားသွားခဲ့တာပါ။