ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၈) အဖြစ် ခရစ္စတယ် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ ပွဲစဉ်မှာ သရေရလဒ်သာ ရရှိခဲ့ပေမယ့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို သဘောကျမိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီအစပိုင်းမှာ ၃ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာတော့ တောက်လျှောက်ဆိုသလို နိုင်ပွဲတွေ ရခဲ့ပြီး ယခု အောက်တိုဘာလမှာ ကစားရတဲ့ ပွဲစဉ် ၂ပွဲစလုံးကိုတော့ သရေကျထားပါတယ်။

Photo Credit: Metro

အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ခြေစွမ်းပိုင်းအရ အတော်လေး အသာစီး ရယူနိုင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ တဦးချင်းစီ ကနေ ပေးဂိုးတွေ ခွင့်ပြုခဲ့ရပြီး သရေရလဒ် ရရှိဖို့ အတွက် နောက်ဆုံးအချိန် အထိ အကြိတ်အနယ် ကြိုးပမ်းခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၈မိနစ်မှာ အူဘာမီယန်းနဲ့ ပွဲကစားချိန် ၉၀+၅မိနစ်မှာ လာကာဇက်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅၀မိနစ်မှာ ဘန်တီကီနဲ့ ပွဲကစားချိန် ၇၂မိနစ်မှာ အူဒိုရပ်တို့က သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Metro

ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ သရေကျခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ ပွဲအပြီး အင်တာဗျူးမှာတော့ အာဆင်နယ် နည်းပြ အာတီတာက သူဟာ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ အပေါ် အပြည့်အဝ ကျေနပ်မှု မရှိပေမယ့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းကိုတော့ အားရမိကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

အာတီတာက – “ အဖွင့်ဂိုး ရပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ ကစားပုံက မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့က တည်ငြိမ်မှု ပျောက်ဆုံးခဲ့သလို ပွဲကိုလည်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒါက အတော်လေး စိုးရိမ်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းအစမှာ ကျွန်တော်တို့ရဲ့ ကစားပုံ ပြန်လည် ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် မထင်မှတ်ပဲ ဆုံးရှုံးခဲ့တဲ့ ဘောလုံးဆုံးရှုံးမှု နှစ်ကြိမ်ကနေ ပေးဂိုး ၂ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဒီပွဲမှာ အပေါင်းလက္ခဏာ အဆောင်ဆုံး အရာကတော့ ကျွန်တော်တို့ အဆုံးထိ တိုက်ပွဲဝင်ခဲ့တာပါပဲ။ ကျွန်တော်တို့တွေ မရှုံးနိုင်ဘူး ဆိုတာ အဆုံးအထိ ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ တမှတ် ရခဲ့တာပေါ့” လို့ ပြောကြားခဲ့တာပါ။