ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ ဦးဆောင်ထားနိုင်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက သူတို့နဲ့ အမှတ်ပေး ချန်ပီယံဆုလုဘက် ဖြစ်သလို သူ့ရဲ့ အသင်းဟောင်းလည်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အာတီတာက မန်ချက်စတာ စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိမှာတော့ သူက အာဆင်နယ်ကို အကောင်းဆုံး ဦးဆောင်ကာ ဆယ်စုနှစ် ၂စု နီးပါး ဝေးကွာနေရတဲ့ အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Goal

အာတီတာရဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အပြီးမှာ ဒုတိယနေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို တပွဲလျော့ အနေအထားနဲ့ ရမှတ် ၅မှတ် အထိ ဖြတ်တောက်ထားနိုင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဒါပေမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က နှစ်ကျော့စလုံး မယှဉ်ပြိုင်ရသေးတာကြောင့် မန်ချက်စတာ စီးတီးမှာလည်း သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ့် အခွင့်အရေးမျိုးတွေ ရှိနေဆဲ ဖြစ်ပြီး အကယ်၍ အာဆင်နယ်က ကစားရမယ့် နှစ်ကျော့စလုံးမှာ မန်ချက်စတာ စီးတီးကို မရှုံးနိမ့်အောင် ကစားနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဆုက လန်ဒန်မြို့ရဲ့ အမြောက်တပ်သားတွေဆီ ခိုလှုံဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

Photo Credit: Goal

လာမယ့် စနေနေ့ မနက်မှာတော့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က ဒီရာသီ ပထမဦးဆုံး အားပြိုင်မှု အဖြစ် အက်ဖ်အေဖလားရဲ့ ၃၂သင်းအဆင့် ပွဲစဉ်ကို မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ကြဖို့ ရှိနေပြီး အဆိုပါပွဲမှာ အနိုင်ရတဲ့ အသင်းက လက်ကျန် အမှတ်ပေးပွဲ ၂ပွဲမှာပါ အသာစီး ရသွားဖို့ ရှိနေတာကြောင့် အဆိုပါပွဲမှာ ဘယ်အသင်းက ခြေစွမ်းအသာနဲ့ အနိုင်ရသွားမလဲ ဆိုတာဟာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

အာဆင်နယ်ရဲ့ နည်းပြ အာတီတာကတော့ သူတို့အသင်းဟာ လက်ရှိမှာ အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်ထားပေမယ့် မန်ချက်စတာ စီးတီးကသာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ အာတီတာက – “မန်ချက်စတာ စီးတီးနဲ့ ပွဲက ကျွန်တော်တို့အတွက် အကြီးမားဆုံး စမ်းသပ်မှု တခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ မန်ချက်စတာ စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ ကျွန်တော်တို့က သူတို့နဲ့ ရင်ဆိုင် ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်ချက်စတာ စီးတီးနဲ့ပွဲက ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေ ဘယ်အဆင့်အထိ ရောက်နေပြီလဲ ဆိုတာကို အဆုံးအဖြတ် ပေးနိုင်လို့ပါ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။