ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိခဲ့ပြီးနောက် အဆိုပါပွဲစဉ်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်ကို လူငယ်တွေရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာတော့ လာကာဇက်က အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပါတယ်။

Photo Credit: Sky Sports

 

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မတိုင်မီမှာပဲ အဓိက တိုက်စစ်မှူး အူဘာမီယန်းကို စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့ပြီး အာတီတာက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ လာကာဇက်ကို ယာယီ အသင်းခေါင်းဆောင် အဖြစ် ခန့်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ လာကာဇက်က ပင်နယ်တီ တလုံး လွဲချော်ခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သလို သူ့ရဲ့ နေရာလွတ် ရှာဖွေပေးမှုတွေကြောင့်ပဲ အာဆင်နယ် အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဆာကာ ၊ စမစ်ရိုဝီ ၊ မာတီနယ်လီတို့က နေရာလွတ်တွေ ရရှိလာပြီး အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ကြပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်လည်း အာတီတာက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်အပြီးမှာ ယာယီ အသင်းခေါင်းဆောင် လာကာဇက်ကို ချီးကျူးသွားခဲ့ပြီး လာကာဇက်က အာဆင်နယ်အသင်းမှာ ရှိနေတဲ့ လူငယ်တွေ အတုယူသင့်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “လာကာဇက်က ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပြီး အတော်လေး ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူက တခြား ကစားသမားတွေလိုပဲ အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားသွားခဲ့ပါတယ်။ လာကာက အမြဲတမ်း လူငယ် ကစားသမားတွေကို ကူညီဖို့ အဆင်သင့် ဖြစ်နေတတ်သူ တဦးပါ။ သူက အဝတ်လဲခန်းထဲမှာလည်း လူငယ် ကစားသမားတွေကို ကူညီလေ့ ရှိပါတယ်။ သူက တကိုယ်ကောင်းဆန်တဲ့ ကစားသမား တဦး မဟုတ်ပါဘူး။ သူက သူ့ရဲ့ဘေးနားမှာ ရှိနေတဲ့ တခြား ကစားသမားတွေ အားလုံး ခြေစွမ်း ပိုကောင်းလာရင် ပျော်နေတတ်တဲ့သူပါ။ ဒါကြောင့် လူငယ် ကစားသမားတွေ အတွက် စံပြပုဂ္ဂိုလ် တဦးလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။