ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိပြီးနောက် အသင်းအတွက် ခြေစွမ်းပြ ကစားသွားခဲ့ကြတဲ့ တိုက်စစ်မှူးသစ် ဂျေဇူးနဲ့ လူငယ် ဗဟိုခံစစ်မှူး ဆာလီဘာတို့ကို ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်က နှစ်တိုင်းလိုလို အဝေးကွင်းမှာ ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ တိုက်စစ်မှူးသစ် ဂျေဇူးရဲ့ ခြေစွမ်းကောင်းတွေ ၊ ဆာလီဘာရဲ့ ဂါဘရီရယ်နဲ့ တွဲဖက်ကာ ခံစစ်ကြောင်းကို ထိန်းကျောင်းနိုင်ခဲ့မှုတွေကြောင့် ခရစ္စတယ် ပဲလေ့စ်ကို ခြေစွမ်းပိုင်း အသာစီးနဲ့အတူ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာပါ။

Photo Credit: Daily Star

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အတွက် အဖွင့်ဂိုးကို ပွဲကစားချိန် မိနစ် ၂၀မှာ ကစားသမားသစ် ဇင်ချန်ကိုရဲ့ ခေါင်းတိုက်ချပေးမှုကနေ တိုက်စစ်မှူး မာတီနယ်လီက သွင်းယူပေးခဲ့သလို အနိုင်သေချာစေမယ့် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၈၅မိနစ်မှာ ဆာကာရဲ့ ကန်ချက်က ပဲလေ့စ် နောက်ခံလူ ဂွေဟီနဲ့ ထိကာ လမ်းကြောင်းပြောင်းမှု ကနေ တဆင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်သွားခဲ့တဲ့ တိုက်စစ်မှူးသစ် ဂျေဇူးနဲ့ ခံစစ်ကြောင်းကို တည်ငြိမ်အောင် ထိန်းကျောင်းပြနိုင်ခဲ့တဲ့ ဆာလီဘာတို့ရဲ့ ခြေစွမ်းတွေကို အထူးတလည် ချီးကျူးသွားခဲ့ပြီး ဂျေဇူးဟာဆိုရင် ပြိုင်ဘက် ခံစစ်မှူးတွေကို ကြောက်ရွံ့စေနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Daily Star

အာတီတာက – “ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ဆိုရင် ကြံ့ခိုင်မှုအပိုင်းမှာ တခြားလူတွေထက် နိမ့်ကျနေလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားသာ ကြံ့ခိုင်မှု အားနည်းနေရင် ပြိုင်ဘက်တွေက ခင်ဗျားကို ဒုက္ခပေးနိုင်သလို တချို့ပွဲတွေမှာဆိုရင် ကြံ့ခိုင်မှု အသားပေး ကစားလေ့ ရှိတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရလေ့ ရှိလို့ပါ။ ဒီနေ့ပွဲမှာ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ ခံစစ်ကြောင်းက အရမ်းကို ကောင်းခဲ့ပါတယ်။ နှစ်ယောက်စလုံးက အသက်အရွယ်အရရော ၊ ကြံ့ခိုင်မှု အပိုင်းပါ အတော်လေး ကောင်းကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ခံစစ်အတွဲက ကျွန်တော်တို့ အတွက် မတူညီတဲ့ အားသာချက် တခု ဖြစ်စေခဲ့ပါတယ်။ ဘန်ဝှိုက်လဲ အတူတူပါပဲ။

ပြီးတော့ ဂျေဇူးက ပြိုင်ဘက်တွေ ကြောက်ရွံ့ရမယ့် အရာတခု ဖြစ်နေပါပြီ။ သူက အမြဲတမ်းလိုလို ပြိုင်ဘက်တွေရဲ့ အနားမှာ ရှိနေတတ်ပြီး ပြိုင်ဘက်တွေကို ဘောလုံးဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါက သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ သူက ဘယ်တော့မှ ရပ်မနေတတ်ပါဘူး။ သူက အမြဲတမ်း လှုပ်ရှားနေတယ်။ အမြဲတမ်း ဘောလုံးလုယူဖို့ အဆင်သင့် ဖြစ်နေတတ်တယ်။ ပြီးတော့ သူက အရမ်းကို ထက်မြက်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ခံစစ်မှူးတွေ အတွက် သူ့ကို ရင်ဆိုင်ဖို့ ဆိုတာဟာ အတော်လေးကို ခက်ခဲပါလိမ့်မယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။