ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ်ဖြစ်သူ အာတီတာကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ ခါးသီးမြို့ခံပြိုင်ဘက် စပါးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ယခုနှစ် ဘောလုံးရာသီ အစကမှ အသင်းဆီ ရောက်လာပြီး ခြေစွမ်းကောင်းတွေ ပြသထားတဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးဟာ အသင်းကို တဆင့် မြင့်တက်သွားအောင် ဆွဲတင်ပေးနိုင်ခဲ့သူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် စပါးကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ သောမတ်စ် ပါတေး ၊ ဂါဘရီရယ် ဂျေဇူးနဲ့ ချာကာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး စပါးအတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ဟယ်ရီကိန်းက ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။

Photo Credit: Mirror

အဆိုပါပွဲစဉ်မှာ ပွဲရဲ့ အလှည့်အပြောင်းကို ဖြစ်စေခဲ့တာက ပွဲကစားချိန် ၄၉မိနစ်မှာ သွင်းယူခဲ့တဲ့ ဂျေဇူးရဲ့ သွင်းဂိုး ဖြစ်ပြီး ဂျေဇူးရဲ့ သွင်းဂိုးကြောင့်သာ အာဆင်နယ်က ဒုတိယပိုင်း တပိုင်းလုံးမှာ စိတ်အေးလက်အေးနဲ့ ကစားခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စပါးနဲ့ ပွဲအပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက ဂျေဇူးဟာ သူတို့အသင်းကို မူလနေရာထက် တဆင့် ပိုမြင့်သွားအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပြီး ဂျေဇူးရဲ့ နိုင်ပွဲလိုချင်စိတ်ကို သဘောကျမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

အာတီတာက – “ကျွန်တော်က ဂျေဇူးရဲ့ နိုင်ပွဲလိုချင်စိတ်ကို သဘောကျပါတယ်။ သူ့ရဲ့ နေ့စဉ်နေ့တိုင်း ကြိုးစားပမ်းစား လေ့ကျင့်မှုတွေ ၊ အသင်းဖော်တွေ အတွက် ယူလာပေးနိုင်တဲ့ ယုံကြည်မှုတွေကြောင့် ကျွန်တော်တို့အသင်းက ပိုပြီး တိုးတက်လာခဲ့တာပါ။ သူက ကျွန်တော်တို့ကို နောက်တဆင့် မြင့်တက်သွားစေတဲ့ ကစားသမားပါ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးက ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ စီးတီး ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ် အတွက် ၈ပွဲ ပါဝင် ကစားပေးထားရာ ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။