ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ် ၀-၂ အာဆင်နယ် ပွဲစဉ်မှာ ဝုလ်ဗ်ကစားသမား ဂိုမက်စ်ရဲ့ အနီးကပ် ကန်ချက်ကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ရာယာရဲ့ လက်စွမ်းကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတဲ့ အာဆင်နယ်က ယနေ့မနက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) အဖြစ် ဝုလ်ဗ်််ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပါတယ်။

Photo Credit: Arsenal

အာဆင်နယ်က အမှတ်ပေးချန်ပီယံဆု အတွက် အမှားခံလို့ မရတော့တာကြောင့် အဝေးကွင်းမှာ ဝုလ်ဗ်ကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစား ကစားခဲ့သလို ဝုလ်ဗ်ကလည်း တန်ပြန်တိုက်စစ်တွေ ကနေ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀မှာတော့ တန်ပြန်တိုက်စစ် ကနေ ဝုလ်ဗ်ရဲ့ တောင်ပံကစားသမား ဂိုမက်စ်က အာဆင်နယ်ရဲ့ ဧရိယာ အတွင်းမှာ အနီးကပ် အပိုင်ကန်သွင်းခွင့် ရပြီး အာဆင်နယ် ဂိုးသမား ရာယာက လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ အာဆင်နယ်တို့ သက်သာရာ ရခဲ့တာပါ။

အဖွင့်ဂိုး ပေးရခါနီး အထိ ဖြစ်ပြီးနောက် အာဆင်နယ်က ဖိဖိစီိးစီးနဲ့ ကစားခဲ့ပြီး ပွဲချိန် ၄၅မိနစ်မှာ ထရော့ဆက်နဲ့ ပွဲချိန် ၉၀+၅မိနစ်မှာ အိုဒီဂတ်တို့က အနိုင်ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့တာကြောင့် ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ နိုင်ပွဲ ၁ပွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Tribuna

ဝုလ်ဗ် ၀-၂ အာဆင်နယ် ပွဲအပြီးမှာတော့ အာတီတာက ပွဲရဲ့ အခြေအနေကို ပြောင်းလဲသွားစေနိုင်တဲ့ ဂိုမက်စ်ရဲ့ ကန်ချက်ကို အကောင်းဆုံး တားဆီးပေးခဲ့တဲ့ ရာယာကို ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။

အာတီတာက – “ရာယာရဲ့ ကာကွယ်မှုက ပွဲအပေါ် အများကြီး သက်ရောက်မှု ရှိစေခဲ့ပါတယ်။ အဲ့ဒီကန်ချက်မတိုင်ခင်မှာ ပွဲက ဘာမဆိုဖြစ်သွားတဲ့ အနေအထားမှာ ရှိနေတာကြောင့် အဲ့ဒီအခိုက်အတန့်က ပွဲကို ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ရာယာက အနီးကပ် ကန်ချက်ကို အကောင်းဆုံးပုံစံနဲ့ ကာကွယ်ပြခဲ့ပါတယ်။ သူ့ရဲ့ ကာကွယ်မှုကို အသုံးချပြီး ကျွန်တော်တို့က နိုင်ပွဲ ရအောင် ယူနိုင်ခဲ့တာပါ။ ရာယာရဲ့ လက်စွမ်းက တရာသီလုံး တည်ငြိမ်နေတယ်လို့လည်း ထင်ပါတယ်။ အဲ့ဒါကိုလည်း အချက်အလက်တွေက သက်သေပြနေပါတယ်” လို့ ပြောကာ ရာယာကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။