ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)မှာ ဆောက်သမ်တန်ကို အိမ်ကွင်း အမ်းမရိတ်မှာ သရေသာ ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ် အထိ ချေပဂိုးတွေ ရအောင် ကြိုးစား အားထုတ် ကစားသွားခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို အားရကျေနပ်မှု ရှိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်က ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် နိုင်ပွဲ ရအောင် ကစားဖို့ လိုအပ်ခဲ့ပေမယ့် တန်းဆင်းဇုန် ရုန်းအားနဲ့ ကစားနေတဲ့ ဆောက်သမ်တန်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ အဓိက ကစားသမား ဆာကာတို့ရဲ့ နောက်ကျ ချေပဂိုးတွေကြောင့်သာ မဟုတ်ရင် အိမ်ကွင်းမှာ အရှုံးနဲ့တောင် ရင်ဆိုင်ရနိုင်ပါတယ်။

Photo Credit: Football London

အာဆင်နယ် ၃-၃ ဆောက်သမ်တန် ပွဲစဉ်မှာ အာဆင်နယ်က အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပေမယ့် နံပါတ်တစ် ဂိုးသမား ရမ်စဒဲလ်ရဲ့ အမှားကြောင့် ပွဲအစ ၁မိနစ် မပြည့်ခင်မှာပဲ ဆောက်သမ်တန်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဆောက်သမ်တန် အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး အယ်ကာရက်ဇ်က သွင်းပေးခဲ့တာပါ။ အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် အာဆင်နယ်က ချေပဂိုး ပြန်ရဖို့ အတွက် တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဆောက်သမ်တန်ကပဲ နောက်ထပ် သွင်းဂိုး ၁ဂိုး ထပ်ရခဲ့ပြီး ဆောက်သမ်တန် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို အာဆင်နယ် ကစားသမားဟောင်း ဝဲလ်ကော့က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲချိန် ၂၀မိနစ်မှာတော့ မာတီနယ်လီက အာဆင်နယ် အတွက် ပထမဦးဆုံး ချေပဂိုးကို သွင်းပေးခဲ့ပါတယ်။ ချေပဂိုး ၁ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်က နောက်ထပ် ချေပဂိုး ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၆၆မိနစ်မှာ ဆောက်သမ်တန်ရဲ့ လူစားဝင် ခံစစ်မှူး ကာလီတာ-ကားလ်က ဆောက်သမ်တန် အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။ ၁-၃ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ အာဆင်နယ်တို့ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် အိုဒီဂတ်နဲ့ ဆာကာတို့က ပွဲချိန် ၈၈မိနစ်နဲ့ ၉၀မိနစ်တို့မှာ ချေပဂိုးတွေ အသီးသီး သွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်က အိမ်ကွင်းမှာ သရေတမှတ် ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ပွဲပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက ၂ဂိုးပြတ် အရှုံးကနေ သရေ ပြန်ကစားနိုင်ခဲ့တဲ့ အပေါ် အားရကျေနပ်နေပြီး ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို အတော်လေး သဘောကျမိကြောင်း ဆိုလာပါတယ်။ အာတီတာက – “ကျွန်တော်တို့က ရလဒ်ပိုင်း အတွက် မပျော်ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က အမှားတွေ အများကြီး လုပ်မိခဲ့ပြီး အဲ့ဒီအမှားတွေကြောင့်ပဲ ခက်ခဲတဲ့ပွဲကို ကစားခဲ့ရတာပါ။ ဒါပေမယ့် အမှားတွေ ဆိုတာ ဘောလုံးလောကရဲ့ တစိတ်တပိုင်းပါပဲ။ ကျွန်တော့် ကစားသမားတွေရဲ့ တုန့်ပြန်မှုကိုတော့ အတော်လေးကို သဘောကျပါတယ်။ ကျွန်တော်က ကစားသမားတွေကို အရင်ထက် ပိုပြီး ချစ်နေပါပြီ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အပြိုင် လုနေရတဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အပြီးမှာ ရမှတ် ၇၅မှတ်နဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။