အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ဒဏ်ရာ ပြဿနာကြောင့် အနားယူနေရတဲ့ တိုက်စစ်ကစားသမား ကိုင်း ဟာဗက်ဇ်ဟာ ရာသီမကုန်ခင်မှာ ပြန်ကစားနိုင်ဖို့ ရှိနေကြောင်း အသိပေးခဲ့သလို ဆာကာနဲ့ ဒက်ကလန် ရိုက်စ်တို့လည်း ဘရန့်ဖို့ဒ်နဲ့ ပွဲမှာပဲ အသင်းအတွက် ပြန်ကစားနိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ သမိုင်းမှာ ပထမဆုံး ဥရောပဖလားကို ရယူဖို့ ကြိုးပမ်းနေပြီး ကွာတားဖိုင်နယ် ပထမအကျော့မှာပဲ ရီးယဲလ် မက်ဒရစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီကို ခြေတစ်လှမ်း လှမ်းထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

အာတီတာက သူ့အသင်းကို ဂုဏ်သိက္ခာရှိတဲ့ ဖလားဆီ ဦးဆောင်သွားနိုင်ဖို့ မျှော်လင့်နေပြီး ခရီးစဉ်တစ်လျှောက်လုံး အင်အားအပြည့်ရှိတဲ့ အသင်းကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလကတည်းက ဒဏ်ရာရနေတဲ့ ဟာဗက်ဇ်ဟာ ဒီရာသီ မကုန်ခင်မှာပဲ ပြန်လာနိုင်ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မီဒီယာကို ပြောကြားရာမှာ အာတီတာက “မျှော်လင့်တာကတော့ ဒီရာသီ မကုန်ခင် သူ့ကို ပြန်ရဖို့ ဖြစ်နိုင်ပါတယ်။ စောင့်ကြည့်ရမှာပါ။ ဒဏ်ရာတိုင်းက တူညီတာတော့ မဟုတ်ပါဘူး။ သူက အလုပ်ကြိုးစားတဲ့ စိတ်ဓာတ်ရှိတယ်။ တတ်နိုင်သမျှ မြန်မြန်ပြန်ကစားဖို့ ပြင်းပြတဲ့ဆန္ဒရှိတယ်။ ပြီးတော့ သူတို့ကို ဂရုစိုက်ဖို့ ထူးချွန်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ရှိတယ်။”

Photo Credit : Goal

“ပြန်လည်ထူထောင်ရေးရဲ့ နောက်ဆုံးအဆင့်ကို ရောက်တဲ့အခါ နောက်ထပ်ခြေလှမ်းတစ်လှမ်းကို ဘယ်လောက်နီးလဲ ဘယ်လောက်ဝေးလဲဆိုတာကို ပိုနားလည်နိုင်မှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်နဲ့ ပွဲအပြီးမှာ ဒဏ်ရာအနည်းငယ်တွေ ရသွားခဲ့တဲ့ ရိုက်စ်နဲ့ ဆာကာတို့ရဲ့ အခြေအနေတွေကိုလည်း အာတီတာက ပြောဆိုလာပြန်ပါတယ်။

အာတီတာက – “ဒက်နဲ့ ဘူကာယိုတို့ နှစ်ဦးစလုံး ကြံ့ခိုင်နေပါတယ်။ ဒါက ထိခိုက်မှုနှစ်ခုသာဖြစ်ပြီးတော့ သူတို့ ပြန်လည် သက်သာလာခဲ့ပါတယ်။ ဒါကြောင့် ဘရန့်ဖို့ဒ်နဲ့ ပွဲအတွက် သူတို့ကို အသုံးပြုနိုင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ လန်ဒန်ဒါဘီပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဆန်တီယာဂို ဘာနေဗျူးမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အတွက် ရီးယဲလ်ကို ရင်ဆိုင်ဖို့ မက်ဒရစ်ဆီ သွားရောက်မှာ ဖြစ်ပါတယ်။