ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် မီခေး အာတီတာက သူတို့အသင်းဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူတော့မှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရပြီး အာဆင်နယ်က ခရစ္စမတ်မတိုင်ခင်မှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့ပေမယ့် ခရစ္စမတ် အပြီးမှာ ပြိုင်ပွဲစုံ ၃ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်(၁)နေရာကို လက်လွှတ်ခဲ့ရပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်က ကစားသမား အင်အားနည်းပါးမှုကြောင့် ပွဲဆက်များလာချိန်မှာ ရလဒ်တွေ ယိမ်းယိုင်သွားခဲ့တာ ဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေက အသင်းရဲ့ အားနည်းချက်ကို ဖာထေးနိုင်ဖို့ ယခု ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုခဲ့ကြပါတယ်။

ဆောင်းဈေးကွက် စဖွင့်ချိန်မှာလည်း အာဆင်နယ်က တိုက်စစ်မှူးသစ် တဦး ခေါ်ယူတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေး ၊ ဂျူဗင်တပ်တိုက်စစ်မှူး ဗလာဟိုဗစ်တို့က သက်ဆိုင်ရာ အသင်းတွေမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အာဆင်နယ်ဟာ လိုအပ်နေတဲ့ တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပါဘူး။

Photo Credit: Goal

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အာတီတာက သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ နည်းပါးနေပေမယ့် ယခု ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူဖို့ မရှိကြောင်း အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

အာတီတာက – “ကျွန်တော်တို့တွေ ဆောင်းဈေးကွက်ထဲမှာ လူသစ် ခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့မှာ ကစားသမား အင်အားကို တိုးချဲ့နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ မပြည့်စုံခဲ့ပါဘူး။ (မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ မပေးချေနိုင်တာကို ရည်ရွယ်ပြီး ပြောပုံ ရပါတယ်) ဒါကြောင့် ကျွန်တော်တို့က ကစားသမားသစ် မခေါ်တော့ဖို့ အတူတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမား အင်အားက အတော်လေး နည်းပါးနေတယ် ဆိုတာတော့ အမှန်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။