MySport Myanmar

ဆာကာနဲ့ ရိုက်စ် အပါအဝင် ကစားသမား ၈ဦး ဒဏ်ရာရနေလို့ ခေါင်းခဲနေတဲ့ အာတီတာ

ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူ့အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ ရိုက်စ် ၊ မာတီနယ်လီနဲ့ ဆာလီဘာတို့ အပါအဝင် ကစားသမား ၈ဦး အထိ ဒဏ်ရာရနေကြောင်း ဘုန်းမောက်နဲ့ အာဆင်နယ် ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ဒီရာသီမှာ ရှုံးပွဲ တပွဲမှ မကြုံတွေ့သေးတဲ့ အသင်းတွေထဲက တသင်း ဖြစ်ပြီး အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ကစားထားရာ ၄ပွဲနိုင် ၊ ၂ပွဲသရေနဲ့ ရမှတ် ၁၄မှတ် အထိ စုဆောင်းထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁ပွဲကစား ၁ပွဲနိုင်ကာ အုပ်စုကို ဦးဆောင်ခွင့် ရထားပါတယ်။

Photo Credit: Goal

ဒီတပတ်မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၇) အဖြစ် အသင်းငယ် တသင်း ဖြစ်တဲ့ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဘုန်းမောက်က လူစာရင်းရော ၊ ကစားကွက်ပိုင်းမှာပါ အာဆင်နယ်ကို ယှဉ်နိုင်တဲ့ အသင်းမျိုး မဟုတ်တာကြောင့် အာဆင်နယ်တို့ ပွဲစဉ်(၇)မှာ ရမှတ် ၃မှတ် အပြည့် ရယူနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အာဆင်နယ်နည်းပြချုပ် မီခေး အာတီတာကတော့ ပြီးခဲ့တဲ့တပတ်မှာ ကစားခဲ့တဲ့ စပါး ၂-၂ အာဆင်နယ် ပွဲစဉ်မှာ ဒဏ်ရာ အသီးသီး ရခဲ့ကြတဲ့ ဆာကာနဲ့ ဒီကလန်ရိုက်စ်တို့ဟာ အခုချိန်အထိ လေ့ကျင့်ခန်း ပြန်မဆင်းနိုင်ကြသေးသလို ဆာလီဘာ ၊ ဗီအဲရာ စတဲ့ ကစားသမားတွေကလည်း နောက်ဆုံးလေ့ကျင့်ခန်းမှာ မပါဝင်နိုင်ခဲ့ကြောင်း ဆိုလာပါတယ်။

Photo Credit: Bein Sports

အာတီတာက – “ဒီကလန်ရိုက်စ်ဟာ အခုချိန်အထိ လေ့ကျင့်ခန်း ပြန်မဆင်းနိုင်သေးပါဘူး။ ကျွန်တော်တို့က နောက် ၁နာရီမှာ လေ့ကျင့်ခန်း စလုပ်ပါမယ်။ အဲ့ဒီအချိန်မှာ သူနဲ့ ပတ်သတ်ပြီး သတင်းသစ်တွေ ထပ်ကြားရပါလိမ့်မယ်။ မာတီနယ်လီက လေ့ကျင့်ခန်း ပြန်မဆင်းနိုင်သေးပါဘူး။ ထရော့ဆက်နဲ့ ဆာကာကလည်း အတူတူပါပဲ။ သူတို့ ၄ယောက်စလုံးက တူညီတဲ့ အခြေအနေ တခုမှာ ရှိပါတယ်။ ဝီလီ(ဆာလီဘာ)ကတော့ လေ့ကျင့်ရေးကွင်းမှာ ထိခိုက်မှု တချို့ ရှိခဲ့ပါတယ်။ ဖေဘီယို(ဗီအဲရာ)ကလည်း လေ့ကျင့်ခန်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေကို စစ်ဆေးရပါဦးမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကလန်ရိုက်စ် ၊ ဆာကာ ၊ မာတီနယ်လီ ၊ ထရော့ဆက် ၊ ဆာလီဘာ ၊ ဗီအဲရာ စတဲ့ ကစားသမားတွေ အပြင် ပါတေးနဲ့ တင်းဘားတို့ကလည်း ကာလရှည် အနားယူနေရတာကြောင့် အာဆင်နယ်ရဲ့ ကစားသမား ၈ဦး အထိ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။

Exit mobile version