ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူ့ရဲ့ အသင်း အပါအဝင် ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်တဲ့ အသင်းတွေဟာ ချန်ပီယံ ဖြစ်ဖို့ ရမှတ် ဘယ်နှမှတ် စုဆောင်းနိုင်ရမလဲ ဆိုတာကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ လက်တကမ်း အလို အနေအထား အထိ ရောက်ရှိခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အပြီးမှာ ရမှတ် ၃၃မှတ်နဲ့ အဆင့်(၁) နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Express

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) ကစားပြီးချိန်မှာ ၁၀ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး သူတို့က ဒုတိယနေရာမှာ ရှိနေတဲ့ လီဗာပူးထက် ရမှတ် ၂မှတ် ပိုများနေသလို တတိယနေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကိုလည်း ရမှတ် ၃မှတ် ဖြတ်ထားနိုင်ပါတယ်။

အာဆင်နယ်က အဆင့်(၁) နေရာကို ရောက်ရှိနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၂၄ပွဲ ကစားရ်န လိုအပ်နေသေးတာကြောင့် လက်ကျန်ပွဲတွေမှာ ရမှတ်တွေ အလေအလွင့် မဖြစ်အောင် ကစားနိုင်ဖို့ လိုအပ်ပြီး အာဆင်နယ် နည်းပြချုပ် အာတီတာကတော့ ချန်ပီယံ ဖြစ်ချင်ရင် ရမှတ် ၁၀၀ ဝန်းကျင် စုဆောင်းနိုင်ရမယ်လို့ ဆိုလာပါတယ်။

Photo Credit: Football Transfer

အာတီတာက – “ကျွန်တော်တို့မှာ ဒီရာသီ ရမှတ် ဘယ်နှမှတ် စုဆောင်းနိုင်ရမလဲ ဆိုတဲ့ ပစ်မှတ် ရှိပါတယ်။ ကျွန်တော်ကတော့ ရမှတ် ၉၆မှတ်နဲ့ ၁၀၀ကြား ရခဲ့ရင် ချန်ပီယံ ဖြစ်နိုင်မယ်လို့ တွေးထားပါတယ်။ ဒါက မဖြစ်မနေ ယူရမယ့် ရမှတ် ပမာဏပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၄ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် အမြင့်ဆုံးရမှတ် ၇၂မှတ် အထိ ရနိုင်ပြီး လက်ရှိမှာ ရမှတ် ၃၃မှတ် ရထားတာကြောင့် အာတီတာ ပြောထားသလို ချန်ပီယံ ဖြစ်ချင်ရင် လက်ကျန် ၂၄ပွဲမှာ အနည်းဆုံး ရမှတ် ၆၃မှတ် စုဆောင်းနိုင်ဖို့ လိုအပ်နေပါတယ်။