မနေ့ညက အိမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ အိမ်ရှင်အာဆင်နယ်ဘက်က သေချာပေါက် အနိုင်ရသင့်တဲ့ ပွဲစဉ်မျိုး ဖြစ်နေပေမယ့်လည်း သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်းတောင် မရှိပဲ ဂိုးမရှိသရေနဲ့ ပွဲကို အဆုံးသတ်သွားခဲ့ရပါတယ်။ အခုဆိုရင် အာဆင်နယ်အသင်းဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီအတွင်းမှာပဲ နိုင်ပွဲ လုံးဝကို မရှိသေးပဲ တစ်လလုံး နိုင်ပွဲပျောက်ဆုံးထားခဲ့တဲ့အထိ အခြေအနေ ဆိုးနေရပါတယ်။
Photo Credit : Football News 365
အာဆင်နယ်အသင်းဟာ ၂၀၂၂ခုနှစ် နှစ်အစပိုင်း ဇန်နဝါရီလထဲမှာ ပရီးမီးယားလိဂ် အက်အေဖလားနဲ့ လိဂ်ဖလားပွဲတွေ ဆင်နွဲထားခဲ့ရပြီး ပြိုင်ပွဲစုံ(၅)ပွဲမှာ (၃)ပွဲ ရှုံးထားခဲ့ရပြီး ရှုံးထွက်ပြိုင်ပွဲ(၂)ခုကနေ ထွက်ခွာခဲ့ရသလို သရေ(၂)ပွဲ ကျထားခဲ့ရပါတယ်။ ဒီလို ရလဒ်ဆိုးတွေအပြင် အသင်းရဲ့ တိုက်စစ်ကလည်း နော်တင်ဟမ်နဲ့ အက်အေပွဲ လီဗာပူးလ်နဲ့ လိဂ်ဖလား ဆီမီးဖို်င်နယ် အိမ်ကွင်းအဝေးကွင်း ပွဲ(၂)ပွဲအပြင် မနေ့ညက ဘန်လေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲ စုစုပေါင်း (၄)ပွဲဆက်တိုက်ထိကို သွင်းဂိုးတွေပါ ပျောက်ဆုံးထားရလို့ အသင်းနည်းပြ မီခယ်အာတီတာက အသင်းအနေနဲ့ ဂိုးတွေ စတင်သွင်းယူဖို့ လိုအပ်နေပြီလို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။
Photo Credit : News Break
အသင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အာတီတာက “ကျွန်တော်တို့ ပွဲကို နှေးကွေးစွာ စတင်ခဲ့တယ်။ ကျွန်တော်တို့ လိုချင်နေတဲ့ ပုံစံအတိုင်း တိုက်စစ်ကစားဖို့ ရည်ရွှယ်ချက် မရှိခဲ့သလို တိုက်စစ်ဆင်ဖို့အတွက်လည်း လုံလောက်တဲ့ စည်းချက်ချမှု မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံက ပိုမိုကောင်းမွန်စွာနဲ့ ပြန်လည် စတင်နိုင်ခဲ့တယ်။ ပိုပြီး အတွဲအဖက်မိလာတယ်။ ပြိုင်ဘက်ကို ခြိမ်းခြောက်လာနိုင်တယ်။ ပထမပိုင်းနဲ့ ကွဲပြားခြားနားသွားတယ်။ မတူကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့တွေ ကြိုးစားခဲ့ကြပေမယ့် Final Third ရောက်ပြီဆိုရင် အရည်အသွေးက လျော့သွားရတယ်။ သူတို့ကတော့ ပွဲကို နှေးကွေးတဲ့ ပွဲတစ်ပွဲ အဖြစ်နဲ့သာ အချိန်ကြာမြင့်စွာ ကစားသွားချင်ခဲ့တာ။ သူတို့ဒီလို ကစားသွားတာကိုလည်း သူတို့ရဲ့ ကစားဟန် ဖြစ်နေလို့ ဒါကို လေးစားရပါမယ်။ ကျွန်တော်တို့တွေ သွင်းဂိုးတွေ စတင်သွင်းယူနိုင်ဖို့နဲ့ ကစားသမားတွေ ပြန်လည် ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်(၄)ပတ်လောက်ကနေ စတင်ပြီး ကိုဗစ်နဲ့ ဒဏ်ရာပြသာနာတွေကြောင့် အသင်းကို စုစည်းရတာနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ဆောင်ရတာက အလွန်အမင်း ခက်ခဲနေခဲ့ရတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။