ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ အသင်းရဲ့ နည်းပြ ဖြစ်သူ အာတီတာဟာ ကိုရိုနာဗိုင်းရပ် စစ်ဆေးမှုမှာ Postive Result ရရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရပြီ ဖြစ်ကြောင်း အာဆင်နယ် အသင်းက အတည်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ အိုလံပီယာကော့စ်အသင်းရဲ့ အသင်းပိုင်ရှင်နဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ လက်ဆွဲနှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ် ရှိ ၊ မရှိကို စစ်ဆေးခဲ့ရာမှာ အာတီတာဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်ဆိုတာကို သိရှိခဲ့ရတာပါ။

Photo Credit: Express.com

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ အာတီတာနဲ့ ကစားသမားတွေအားလုံးကို သီးခြားဆီ ခွဲထုတ်ထားခဲ့ပြီး ကိုရိုနာဗိုင်းရပ် စစ်ဆေးမှုတွေကို အပူတပြင်း လုပ်ဆောင်နေကြောင်း သိရှိရကာ အာတီတာနဲ့ ကစားသမားတွေဟာ လေ့ကျင့်ခန်းအစီအစဉ်တွေကို အတူတကွ လုပ်ဆောင်ခဲ့ကြတာကြောင့် ကစားသမား အားလုံးဟာလည်း ကူးစက်ခံရဖို့ ရှိနေပါတယ်။ ဒါ့အပြင် လန်ဒန်မြို့အခြေစိုက် အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံ တိုက်စစ်ကစားသမား အိုဒွိုင်းဟာလည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက အတည်ပြု ကြေညာသွားခဲ့ပြန်ပါတယ်။

Photo Credit: Metro.com

အိုဒွိုင်းဟာ မည်သည့်နေရာကနေ စတင်ပြီးတော့ ဒီဗိုင်းရပ်ကို ကူးစက်ခံထားရသလဲဆိုတာ မသိရသေးပေမယ့် ချယ်လ်ဆီးအသင်းဘက်က ကစားသမားတွေ အားလုံးကို အိုဒွိုင်းနဲ့ ခွဲထားခဲ့သလို ၊ အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲကိုလဲ ဘယ်သူ့ကိုမှ အဝင်မခံတော့ဘူးလို့ သိထားရပါတယ်။ ဆက်စပ်သတင်းတွေအရတော့ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ အဲဗာတန် ၊ လက်စတာ ၊ ဝက်စ်ဟမ်းစတဲ့ အသင်းတွေအားလုံးဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုအတ​ွက် ဆေးစစ်မှုတွေ စတင် လုပ်ဆောင်နေရပြီး ယခုအပတ်မှာ ကစားရမယ့် ဘရိုက်တန်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းထားကြောင်း သိရပြီး အက်စ်တွန်ဗီလာနဲ့ ချယ်လ်ဆီး ၊ ဝက်ဖို့ဒ်နဲ့ လက်စတာ ၊ အဲဗာတန်နဲ့ လီဗာပူးလ် ၊ ဝက်ဟမ်းနဲ့ ဝုဗ်စတဲ့ ပွဲစဉ်တွေအတွက်တော့ မဆုံးဖြတ် ရသေးပါဘူး။