ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ နောဝှစ်ချ်နဲ့ပွဲစဉ်မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အပေါ် အတော်လေး ပျော်ရွှင်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီအစမှာ မမျှော်လင့်ပဲ ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်း ဖြစ်ပြီး နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲ ကစားခဲ့ရာ ၃ပွဲစလုံး အရေးနိမ့်ခဲ့သလို သွင်းဂိုးလည်း သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Metro

ဒါကြောင့် အမ်းမရိတ်ကွင်းမှာ နောဝှစ်ချ်အသင်းကို အသင်းခေါင်းဆောင် အူဘာမီယန်းရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ အာဆင်နယ်နည်းပြ အာတီတာကို အသက်ရှူချောင်စေခဲ့တဲ့ ပွဲတပွဲလို့ ဆိုရမှာပဲ ဖြစ်ပြီး အာတီတာ ကတော့ နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်မတိုင်မီထဲက သူဟာ အသင်းသားတွေရဲ့ ပြင်ဆင်မှုအပေါ် အားရကျေနပ်မှု ရှိခဲ့ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတပတ်တော့ ကျွန်တော်တို့ နိုင်တော့မယ် ဆိုတာ ကျွန်တော် ကြိုသိခဲ့ပါတယ်။ သုံးပွဲဆက်တိုက် အရေးနိမ့်ပြီးနောက် အခြေအနေတွေက အတော်လေး ရှုပ်ထွေးခဲ့ပါတယ်။ ပြောရမယ် ဆိုရင် ဒီ ၁၀ရက် ဒါမှမဟုတ် ၁၄ရက်လောက် အတွင်းက ကျွန်တော့်ရဲ့ နည်းပြဘဝမှာ အကောင်းဆုံး နေ့ရက်တွေပါ။ လွယ်ကူတဲ့ နေ့ရက်တွေ မဟုတ်ပေမယ့် အကောင်းဆုံးလို့ ပြောရမှာပါပဲ။ ခင်ဗျားက ခက်ခဲတဲ့ အခြေအနေတွေ ကနေ သင်ယူနိုင်စွမ်း ရှိရမယ်။ ပြီးတော့ ဘယ်သူတွေက ခင်ဗျားဘက်မှာ ရှိခဲ့လဲ ဆိုတာရောပေါ့။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က အရှုံးကို ရင်ဆိုင်ဖို့လည်း အဆင်သင့်ပဲ။ ဒါပေမယ့် ကစားသမားတွေ အားလုံးက အသင်းအတွက် ပေးဆပ်ခဲ့ကြတယ်။ ဒီနေ့နဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် တခုလုံးမှာ အရာအားလုံးက အဆင်ပြေပြေ ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်းဟာ လာမယ့် သီတင်းပတ် အကုန်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ် ဘန်လေအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာရော အာတီတာ ဦးဆောင်တဲ့ အမြောက်တပ်သားတို့ ရလဒ်ကောင်းတွေ ရယူနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့် သွားရမှာပါ။