အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး တစ်ယောက်ဖြစ်တဲ့ မာတင်အီကွန်က အာဆင်နယ်အသင်းနည်းပြ မီခဲလ်အာတီတာအနေနဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကို အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားသင့်ပြီး ဆယ်ကျော်သက် ဘရာဇီးတိုက်စစ်ကစားသမားလေး မာတင်နယ်လီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသင့်တယ်လို့ အကြံပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းအတွင်း ပါဝင်လာခဲ့ပေမယ့်လည်း ထူးထူးခြားခြား ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိပဲ ရုန်းကန်နေခဲ့ရတာကြောင့် လာမယ့်ပွဲစဉ်တွေမှာ အူဘာမီယန်းကို လူစာရင်းကနေ ခဏလောက် ချန်လှပ်ထားသင့်ပြီး လူငယ်ကြယ်ပွင့်လေး မာတင်နယ်လီကို ပြန်လည်နေရာပေးသင့်တယ်လို့ ကီအွန်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ကီအွန်က “အာတီတာအနေနဲ့ သူရဲ့အသင်းခေါင်းဆောင်နဲ့ပတ်သက်ပြီးတော့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရပါလိမ့်မယ်”

Photo Credit : Goal

“မကြာသေးခင်က ယှဉ်ပြိုင်ခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ အူဘာမီယန်းကို လူစာရင်းကနေ ချန်လှပ်ခဲ့ရဖူးတဲ့ သာဓကကောင်းတွေလည်း ရှိနေတာပဲ။ တကယ်ဆို ဒီပွဲမှာ အူဘာမီယန်းက ဝင်ရောက်ကစားနိုင်တဲ့ အခြေအနေမှာ ရှိနေပေမယ့် ပွဲစခင်လေးမှာပဲ အာတီတာက အပြောင်းအလဲ လုပ်ခဲ့တာ။ ဒီအချိန်ကတော့ (၁၉)နှစ်သားလေး ဂါဘရီရယ်မာတင်နယ်လီကို လူစာရင်းဆီ ပြန်လည်ခေါ်ဆောင်ရတော့မယ့် အချိန်ပါပဲ။ သူက အရန်ခုံမှာ ဆက်ပြီးထိုင်မနေသင့်တော့ပါဘူး။ သူရဲ့အသင်းဖော်တွေကလည်း သူ လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဘာတွေကို လုပ်ဆောင်ပြနိုင်သလဲဆိုတာကို မြင်နေတွေ့နေပါပြီ။ သူသာ ဆက်လက်ပြီး ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေဦးမယ်ဆိုရင် သူ့အသင်းဖော်တွေကပါ စိတ်ပျက်လာကြပါလိမ့်မယ်။ သူ့ကို ဘယ်ခြမ်းမှာ အသုံးပြုမယ်။ မာတင်နယ်လီရဲ့ အသင်းဖော် ဆာခါကိုတော့ ညာခြမ်းမှာ သုံးမယ်။ စမစ်ရိုးကိုလည်း နေရာပြန်ပေးမယ်။ ဒါဆိုရင်တော့ ဒီအသင်းက ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါလိမ့်မယ်။ လီဗာပူးလ်နဲ့ပွဲမှာက အူဘာမီယန်းက ဘယ်ခြမ်း ပေပေက ညာခြမ်း လာကာဇက်က အထောင်နေရာတွေမှာ ပါဝင်လာတယ်။ ဒီကစားသမားတွေက ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်တွေဆိုပေမယ့် သူရဲ့ခွန်အားတွေက ပျောက်ဆုံးနေတယ်။ လက်ရှိမှာကတော့ ကစားသမားတွေအနေနဲ့ ရိန်းဂျား လက်စတာတို့ကို ယူရိုပါလိဂ်ကနေ ထွက်ခွာစေခဲ့တဲ့ ပရပ်ဂ်အသင်းနဲ့ပွဲမှာ အကောင်းဆုံးရလဒ်နဲ့ ပြန်လာနိုင်အောင် စွမ်းဆောင်ဖို့ အရေးကြီးပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။