ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက ယမန်နေ့ညမှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့ရတာဟာ ကစားသမား မစုံလင်မှုကြောင့် ဖြစ်ကြောင်း အကြောင်းပြချက် ပေးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဧည့်သည် ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို သက်တောင့်သက်သာ အနိုင်ရခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်း အနေနဲ့ ချေပဂိုး တဂိုးတောင် ရရှိခဲ့ခြင်း မရှိပဲ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

လက်ရှိ အာဆင်နယ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေပြီး အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ လာကာဇက် ၊ အူဘာမီယန်းနဲ့ ဘန်ဝှိုက်တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပါဝင် ကစားနိုင်ခြင်း မရှိခဲ့သလို ပါတေးကလည်း ဒဏ်ရာပြဿနာကြောင့် ချယ်လ်ဆီးနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်အသင်းဟာ အဓိက ကစားသမား အစုံအလင် မရှိပဲ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတာ ဖြစ်ကာ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ သူတို့အသင်းကသာ ကစားသမား အစုံအလင်နဲ့ ကစားခွင့် ရခဲ့ရင် ချယ်လ်ဆီးအသင်းကို အရေးမနိမ့်နိုင်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အာတီတာက – “ဒီအချိန်က ကျွန်တော်တို့ အတွက် အတော်လေးကို စိန်ခေါ်မှု ကြီးမားတဲ့ အချိန်ပါပဲ။ ကျွန်တော်တို့ရဲ့ ကစားသမား ၉ဦးက ဒီပွဲကို လွဲချော်ခဲ့တယ်။ အဲ့ဒီထဲက အများစုဟာ အသင်းရဲ့ အဓိက ကစားသမားတွေပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့က ဒီလို ရလဒ်ဆိုးမျိုးကို ရရှိခဲ့တာပါ။ ကျွန်တော်တို့မှာ ကစားသမား အင်အား မရှိတာကြောင့် အသင်းရဲ့ သမိုင်းမှာ တခါမှ မရှိဘူးတဲ့ လူစာရင်းမျိုးကို ထုတ်သုံးခဲ့ရပါတယ်။ တကယ်လို့သာ နားနေရတဲ့ ကစားသမားတွေ ပါလာခဲ့ရင် ရလဒ်ဟာ တမျိုးတဖုံ ပြောင်းလဲသွားမှာ သေချာပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလော ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ်အသင်းဟာ ယခု ကြားရက်မှာ ဝက်စ်ဘရွန်းအသင်းနဲ့ ကာရာဘောင်းဖလားပွဲကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေကာ လာမယ့် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။