ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီကေး အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄)မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကို ကျေနပ်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: The Sun

နှစ်သင်းစလုံးဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ မျှော်မှန်းထားကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ ရမှတ် ၃မှတ် ရရှိနိုင်ဖို့ နှစ်သင်းစလုံးက အကြိတ်အနယ် ကြိုးစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက အဆုံးသတ်စွမ်းရည် အနည်းငယ် အသာရခဲ့တာကြောင့် ပွဲကို အနိုင်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် သွင်းဂိုးတွေကို ဘရူနို ဖာနန်ဒက်နဲ့ ရိုနယ်ဒိုတို့က သွင်းယူပေးခဲ့ကြပြီး အာဆင်နယ်အသင်း အတွက် သွင်းဂိုးတွေကိုတော့ အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ စမစ်ရိုဝီနဲ့ အိုဒီဂတ်တို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: The Sun

အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် ပွဲကို ခြေရည်တူ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေကိုသာ အပိုင် အသုံးချနိုင်ခဲ့ရင် သရေတမှတ် ရရှိနိုင်တဲ့ အခြေအနေကိုတောင် ပိုင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း ရှုံးနိမ့်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ကစားပုံကို ကျေနပ်မိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “ခင်ဗျားက အိုးထရက်ဖို့ဒ်ကွင်းမှာ ပေးဂိုး ၃ဂိုး အထိ ခွင့်ပြုလိုက်ရပြီ ဆိုရင်တော့ ရလဒ်ကောင်း တခုကို ရရှိဖို့ ခက်ခဲသွားပါပြီ။ ဒီနေ့ ဖြစ်ခဲ့တာကလည်း ဒါပါပဲ။ ဒီနေ့ ခွင့်ပြုခဲ့ရတဲ့ တချို့ ပေးဂိုးတွေ အတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အခိုက်အတန့် တချို့ကို ပိုင်ဆိုင်ခဲ့ပြီး ပွဲကိုတောင် အနိုင်ယူနိုင်မယ့် အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ရလဒ်ကောင်း ရနိုင်မယ့် အခွင့်အရေးကို လွှင့်ပစ်လိုက်ရပါတယ်။ ကျွန်တော်တို့တွေ ပွဲကို အနိုင်ရရှိဖို့ သွင်းဂိုး ၂ဂိုး လိုအပ်ခဲ့ပေမယ် မသွင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ လီဗာပူးအသင်းကို ရှုံးနိမ့်ပြီးနောက်မှာ မရှုံးခဲ့တာ အတော်လေး ကြာပါပြီ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပုံစံကောင်းကိုလည်း ဆက်တိုက် ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ ခပ်လွယ်လွယ် ဘောလုံးဆုံးရှုံးခံခဲ့တာတွေက ပွဲရဲ့ အဖြေကို ပြောင်းလဲခဲ့တာပါ။ ကျွန်တော်တို့မှာ အတော်လေး ကောင်းတဲ့ ဖွဲ့စည်းပုံ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ပြန် ဖိအားပေးမှု ပုံစံတွေကြောင့် ပြိုင်ဘက်အသင်းက သူတို့လိုချင်တဲ့ ပြေးလွှားမှုတွေ လုပ်လို့ မရခဲ့ပါဘူး။ ဒါပေမယ့် ပွဲက ၂-၂ ဖြစ်သွားလို့ အနိုင်ရရှိဖို့ ကြိုးစားတော့မယ့် အချိန်မှာပဲ ကျွန်တော်တို့ ပင်နယ်တီ ပေးလိုက်ရပါတယ်” လို့ ပြောကြားခဲ့တာပါ။