ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ အသင်းရဲ့ ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်တဲ့ အိုဇေးလ်ကို ယူရိုပါလိဂ် လူစာရင်းနဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့တာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆို သွားခဲ့ပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ် အသင်းရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမား တစ်ဦးဖြစ်သလို အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်း ကနေ ချန်လှပ်ခံခဲ့ ရတာကြောင့် သူ့အပေါ် အသင်းက မမျှမတ ဆက်ဆံသလို ခံစားနေရကြောင်း မကြာမီကမှ သူ့ရဲ့ လူမှုကွန်ယက် အကောင့်တွေမှ တဆင့် ပရိသတ်တွေဆီ ရင်ဖွင့်ခဲ့သူပါ။

Photo Credit: Euro Sport

 

အာဆင်နယ် အသင်းဟာ အိုဇေးလ်ကို ပွဲကစားခွင့် မပေးတော့တာနဲ့ ပတ်သတ်ပြီး လက်ရှိမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး ဝေဖန်သူ အများစုဟာ အာဆင်နယ် အသင်းအနေနဲ့ အိုဇေးလ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် အိုဇေးလ်ကို အသင်းကနေ ထွက်ခွာသွားအောင် ဖိအားပေးနေတာ ဖြစ်ကြောင်း ဝေဖန် နေကြပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ အဆိုပါ ဝေဖန်မှုတွေဟာ မမှန်ကန်ကြောင်း ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲ မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ရှင်းလင်း သွားခဲ့ပြီး အိုဇေးလ်ကို အသင်းရဲ့ လူစာရင်းတွေ ကနေ ချန်လှပ်ခဲ့တာဟာ ငွေကြေးကိစ္စနဲ့ မသက်ဆိုင်ကြောင်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Euro Sport

အိုဇေးလ်ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့မှုနဲ့ ပတ်သတ်ပြီး အာတီတာက “လူတိုင်းမှာ သူတို့ရဲ့ ခံစားချက်တွေကို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိပါတယ်။ ကျွန်တော် ပြောပိုင်ခွင့်ရှိတဲ့ဘက် ကနေ ပြောရမယ် ဆိုရင်တော့ ဒါဟာ ဘောလုံးနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ဒီအတွက် ကျွန်တော်က လိပ်ပြာသန့်ပါတယ်။ ကျွန်တော်က စီမံကိန်း တစ်ခုကို ဖန်တီးပြီး တည်ဆောက်ဖို့ အတွက် ဒီအသင်းမှာ ခန့်အပ်ခံခဲ့ရသူပါ။ အိုဇေးလ် ဟာ တခြား ကစားသမားတွေလိုပဲ သူ့ရဲ့ အခွင့်အရေးကို ရရှိခဲ့ပါတယ်။ ကျွန်တော် ပြောချင်တာ ကတော့ ကျွန်တော်ဟာ လူတိုင်းကို လေ့လာ အကဲခတ်တယ်။ ပြီးတော့ သူတို့ကို သက်တောင့်သက်သာ ဖြစ်အောင် ထားတယ် ဆိုတာပါပဲ။ အသင်းကို စပြီး ရောက်ရှိတဲ့ အချိန်ထဲက ကျွန်တော်ဟာ တည့်တိုးပဲ ပြောခဲ့ ၊ လုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အလုပ်က ကစားသမားတိုင်းဆီက အကောင်းဆုံး အရာတွေကို ဆွဲထုတ်ရတာပါ။ ဒါပေမယ့် မီဆွတ်ရဲ့ ကိစ္စမှာတော့ ကျွန်တော်ဟာ အဲ့ဒီလို မလုပ်နိုင်ခဲ့ဘူး လို့ ခံစားခဲ့ ရပါတယ်။ ကျွန်တော်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ဆွဲထုတ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါဟာ ဘောလုံးလောကရဲ့ ပကတိ အခြေအနေပါ။ ကျွန်တော်ဟာ ကြုံတွေ့ခဲ့ရတဲ့ အရာအားလုံးကို သင်ယူနေပါတယ်။ ရိုးသားစွာ ပြောရရင်တော့ ဒီကိစ္စမှာ တာဝန် အပြည့်ရှိသူက ကျွန်တော်ပါပဲ” ဆိုပြီး ရှင်းလင်း ပြောကြား သွားခဲ့ပါတယ်။