MySport Myanmar

နိုင်ပွဲရဖို့ ထိုက်တန်ခဲ့ပေမယ့် နိုင်ပွဲမရခဲ့လို့ စိတ်ပျက်မိတယ်လို့ အာတီတာ ညည်းတွား

မနေ့ညက Emirates ကွင်းမှာ ကစားသွားခဲ့တဲ့ အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ဂိုးမရှိသရေနဲ့ အဆုံးသတ်သွားခဲ့ပြီးနောက် အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူ့အသင်းဟာ နိုင်ပွဲရဖို့ ထိုက်တန်ခဲ့ပြီးမှ နိုင်ပွဲမရခဲ့လို့ စိတ်ပျက်မိတယ်လို့ ညည်းတွား ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်က ဒီပွဲမှာ အဲဗာတန်အသင်းရဲ့ ခံစစ်ပိုင်း ဦးစားပေး ကစားမှုကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိသလို အာဆင်နယ် ကိုယ်တိုင်ကလည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပျင်းရိစရာကောင်းတဲ့ ပွဲတစ်ပွဲအသွင်ပါ ဆောင်သွားခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ဒီရလဒ်ကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက်တိုက်အထိ သရေကျခဲ့ရတာဖြစ်ပြီး (၂)ပွဲဆက်တိုက် (၂)မှတ်စီပါ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်တို့က ဒီပွဲကို အနိုင်ရဖို့ အပြည့်အဝ ထိုက်တန်တဲ့အတွက် နိုင်ပွဲမရခဲ့တာက ကျွန်တော့်အတွက် စိတ်ပျက်စေရပါတယ်။”

“ကျွန်တော်တို့က မှန်ကန်တဲ့ အရာတွေ အားလုံးကို လုပ်ဆောင်ခဲ့တယ်။ ကြီးမားတဲ့ အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ ပြိုင်ဘက်အသင်းကဆိုရင် ဘာအခွင့်အရေးကိုမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီရလဒ်ကို တကယ် စိတ်ပျက်မိရပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Evening Standard

အာဆင်နယ်က အခုပွဲကို သရေကျသွားခဲ့လို့ ဇယားထိပ်က လီဗာပူးလ်နဲ့ (၁)ပွဲပိုကစား (၆)မှတ် ကွာနေရသလို ချယ်လ်ဆီးကလည်း မနက်ဖြန်ညမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရလိုက်မယ်ဆိုရင် အာဆင်နယ်နဲ့ (၄)မှတ်ကွာသွားတော့မှာ ဖြစ်ပါတယ်။

အဲဗာတန်ကို ဂိုးမရှိသရေကျခဲ့တဲ့ အာဆင်နယ်ဟာ လာမယ့် ကြားရက်မှာတော့ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ခါရာဘောင် လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်ကို ဆက်လက် ဆင်နွဲသွားရဦးမှာဖြစ်ပြီး ဒီပွဲပြီးသွားရင်လည်း ခရစ္စတယ် ပဲလေ့စ်နဲ့ပဲ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲကို Selhurst Park ကွင်းမှာ သွားရောက် ကစားရပါမယ်။

Exit mobile version