အာဆင်နယ်နည်းပြ မီခယ်လ် အာတေတာက သူတို့အသင်းအနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ကျင်းပမယ့် လန်ဒန် ဝင်ဘလေ ဘောလုံးကွင်းကြီးမှာ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်ရဖို့ စိတ်ကူးထားတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မနှစ်က ဘောလုံးရာသီထဲ ပရီးမီးယားလိဂ်မှာ အဆင့် (၂)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ရာကနေ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည် ပါဝင် ဆင်နွဲခွင့် ရရှိခဲ့ပြီး အခုဆိုရင်လည်း အုပ်စုဗိုလ်နေရာနဲ့ပါ (၁၆)သင်းအဆင့်ဆီကို တက်လှမ်းထားခဲ့ပါတယ်။

Photo Credit : Goal

အာဆင်နယ်က ဒီနေ့ညမှာပဲ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုအသင်းနဲ့ (၁၆)သင်း ရှုံးထွက် ပထမအကျော့ပွဲစဉ်ကို ဆင်နွဲသွားရမှာဖြစ်ပြီး အာဆင်နယ်အတွက်တော့ ပေါ်တိုအသင်းနဲ့ ဆုံတွေ့နေရတာက အနည်းငယ်လေး ပွဲချောင်တယ်လို့လည်း ဆိုနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်မှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ဗိုလ်လုပွဲအဆင့်ကိုသာ တက်လှမ်းထားနိုင်ခဲ့ပြီး ချန်ပီယံဆုကိုတော့ တစ်ကြိမ်တစ်ခါမှ မရဖူးသေးပေမယ့် ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာတော့ အာဆင်နယ် ပါဝင်လို့နေပါတယ်။

Photo Credit : Sport Brief

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အာတေတာက “ချန်ပီယံလိဂ်ဖလားသာ ရလိုက်ရင်တော့ ကျွန်တော် ရယူဖူးသမျှ ဖလားတွေထဲ အကောင်းဆုံးတွေထဲကတစ်ခု ဖြစ်လာမှာ သေချာတာပေါ့။ ဇွန် (၁)ရက်နေ့ လန်ဒန် ဝင်ဘလေကွင်းထဲမှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ရမယ်ဆိုရင်တော့ ဒါက မယုံနိုင်လောက်စရာ ခံစားချက်မျိုး ဖြစ်နေမှာပဲ။”

“အဲ့ဒီလို ဖြစ်လာဖို့လည်း ကျွန်တော်တို့တွေ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါက အိမ်မက်တစ်ခုလိုပဲ။ ဒီအိမ်မက်ကို အကောင်အထည်ဖော်ဖို့က လုပ်စရာတွေ အများကြီး ရှိနေသေးသလို ရလဒ်ကောင်းတွေ ဆက်တိုက် ရယူဖို့လည်း လိုပါမယ်။ ဒီနေ့ပွဲကလည်း ကျွန်တော်တို့အတွက် အကြီးမားဆုံး စမ်းသပ်ချက်တစ်ခုပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။