ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းကြီး တစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ သူ့ရဲ့ လက်ထောက် နည်းပြဟောင်း ဖြစ်သူ၊ ယခုလက်ရှိ အာဆင်နယ် အသင်း ရဲ့ နည်းပြ မိုက်ကယ် အာတီတာ အပေါ်မှာ ကျရောက်နေတဲ့ ဖိအား တွေကို တုံ့ပြန်ပြီးတော့ အာတီတာဘက် ကနေ ကာကွယ်ပြောဆိုပေးသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရပြီးတော့ နည်းပြ အာတီတာ အနေနဲ့ အသင်းရဲ့ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေတဲ့ အခြေအနေမှာ ဖြစ်နေပြီးတော့ ဖိအားတွေ ကျရောက်နေတာ ဖြစ်ပါတယ်။ ဂွာဒီယိုလာကတော့ အာဆင်နယ် အသင်း အနေနဲ့ အာတီတာ ကို ထုတ်ပယ်ခဲ့ရင် သူ့ထက် ပိုကောင်းတဲ့ နည်းပြမျိုးကို ရှာဖွေနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Photo Credit: Mirror

အာဆင်နယ် အသင်းရဲ့ ၂၀၂၀-၂၁ ရာသီ တာထွက်ဟာ မကောင်းခဲ့ပေမယ့်လည်း ပပ်ဂွာဒီယိုလာကတော့ မိုက်ကယ် အာတီတာ ဟာ အာဆင်နယ် အသင်းကို ‌ဦးဆောင်နိုင်တဲ့ မှန်ကန်တဲ့ နည်းပြတစ်ဦးလို့ ယုံကြည်နေပုံတော့ရပါတယ်။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဘန်လေ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတာ ဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။ အဆိုပါ အိမ်ကွင်းရှုံးပွဲကြောင့် အာဆင်နယ် အသင်းဟာ ဒီရာသီ အိမ်ကွင်းလေးပွဲဆက် ရှုံးနိမ့်ထားတယ်ဆိုတဲ့ မှတ်တမ်းတစ်ခုလည်း ပိုင်ဆိုင်သွားပြီးတော့ ၁၉၅၉ ခုနှစ်ကနေ အသင်းရဲ့ အဆိုးဝါးဆုံး ရာသီ စတင်မှု အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ အာဆင်နယ် အသင်းဟာ အခုလက်ရှိမှာ အဆင့် ၁၅ နေရာကို ရောက်ရှိနေပြီး အဆင့် ၄ နေရာက အသင်းနဲ့ ၁၀ မှတ်ကွာဟ နေခဲ့ပြီ ဖြစ်သလို တန်းဆင်းဇုန် က အသင်းတွေနဲ့လည်း ၅ မှတ်သာ ကွာဟ နေတာ ဖြစ်ပါတယ်။

Photo Credit: Mirror

မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ အာတီတာနဲ့ ပတ်သက်ပြီး သတင်းသမားတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ နောက်နှစ်တွေမှာ အာဆင်နယ် အသင်းအနေနဲ့ သူ့ထက်ပိုကောင်းပြီး အသင်းကို ဦးဆောင်နိုင်တဲ့ နည်းပြမျိုး ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ပံ့ပိုးပေးစရာ မလိုအပ်ပါဘူး။ ဘာလို့လဲဆိုရင် သူ့မှာ အသင်းကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည် ရှိနေပြီးတော့ သူကိုယ်တိုင်လည်း သူ့မှာ ရှိကြောင်း သိပါတယ်။ သူက ကျွန်တော် အလုပ်တွဲလုပ်ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးထဲက တစ်ယောက် အဖြစ် ပါဝင်တဲ့ နည်းပြ တစ်ဦးပါ။ ပြီးတော့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူ့ရဲ့ ကတိကဝတ်၊ သူ့ရဲ့ အသင်းအပေါ် ချစ်တဲ့ အချစ် တွေကို အထင်သား မြင်နိုင်ပါတယ်။ အကယ်၍ သူသာ သူ့အသင်းကို မချစ်ဘူးဆိုရင် သူ ကျွန်တော့်ဘေးမှာ ရှိနေမှာပါ။ သူ ရလဒ်ဆိုးတွေကို အကောင်းဆုံး ပြောင်းလဲပစ်ပြီးတော့ လူတိုင်းမျှော်လင့်ထားသလို လုပ်ပြနိုင်လိမ့်မယ်ဆိုတာ ကို ကျွန်တော် အသေအချာ သိပါတယ်။ တစ်ခါတစ်ရံမှာ အသင်းတစ်သင်းအနေနဲ့ အခြေအနေကောင်းမနေဘူး ဆိုရင် အဲ့ဒါက အချိန်လိုပါတယ်။ လူတွေကတော့ အဲ့ဒါက အချိန်မလိုဘူးလို့ ထင်ကြတယ်။ ကျွန်တော်သာ အာဆင်နယ် အသင်းရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးဆိုရင် အာဆင်နယ်အသင်းကို ထိုက်တန်တဲ့ နေရာရောက်အောင် စွမ်းဆောင်ပေးနိုင်မယ့် သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် လုံးဝ သံသယ ဖြစ်မိမှာ မဟုတ်ပါဘူး ” လို့ ကာကွယ် ပြောဆိုပေးခဲ့ပါတယ်။