ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပရိသတ်တွေရဲ့ ဒေါသနဲ့ ထပ်မံ ရင်မဆိုင်ရစေရန် အတွက် လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ အသင်းကို အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး လတ်တလောမှာ အင်အားဖြည့်တင်းဖို့ လျာထားတဲ့ နေရာတွေကတော့ ကွင်းလယ် ၊ ညာနောက်ခံလူနဲ့ ဗဟိုခံစစ် နေရာတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Football London

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ကြီးကြီးမားမား ပြောင်းလဲဖို့ စီစဉ်ထားပြီး အသင်းရဲ့ ကွင်းလယ်လူ ချာကာကို ရိုးမားအသင်းထံ ရောင်းချပြီးပါက ကွင်းလယ်တိုက်စစ် ကစားသမား တဦးနဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦးတို့ကို ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ကာ လက်စတာအသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မက်ဒီဆင်ဟာ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာရဲ့ စိတ်ကြိုက် ကစားသမားတဦး ဖြစ်ကြောင်း အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။ အသက် ၂၄နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ တချို့ ကြုံတွေ့ခဲ့ရတာကြောင့် ယူရို ၂၀၂၀ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ လူစာရင်းနဲ့ လွဲချော်ခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ ထိပ်တန်းအဆင့် တခုမှာ ရှိနေဆဲပါ။

Photo Credit: Football London

မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်စတာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့်ပဲ လက်စတာ စီးတီးအသင်းဟာ သူတို့ရဲ့ အဓိက ကွင်းလယ်လူ မက်ဒီဆင်ကို ရောင်းချဖို့ ဆန္ဒ မရှိပေမယ့် အာဆင်နယ်အသင်း ကတော့ မက်ဒီဆင်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လက်စတာ စီးတီးအသင်းဟာ မက်ဒီဆင်ကို ရောင်းချဖို့ တွန့်ဆုတ်နေပေမယ့် အကယ်၍ မက်ဒီဆင်ကသာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့မယ် ဆိုရင် မက်ဒီဆင်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင် ရရှိရင် ရောင်းချနိုင်ကြောင်းနဲ့ အာဆင်နယ်အသင်း ကတော့ မက်ဒီဆင်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။