အာဆင်နယ်နည်းပြ မီခယ်လ် အာတေတာက သူတို့အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို အဝေးကွင်းမှာ (၆)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်လည်း ဒါကို ကျေနပ်နေလို့ မရနိုင်ဘူးလို့ သတိပေး ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ winter break ပြီးကတည်းက ပရီးမီးယားလိဂ်မှာ တိုက်စစ်အားကောင်းကောင်းနဲ့ ပွဲတိုင်းနီးပါးကို ဂိုးပြတ်တွေနဲ့ အနိုင်ရနေခဲ့ပြီး အခုလည်း ရှက်ဖီးအသင်းကို အဝေးကွင်းမှာပဲ ဂိုးဒါဇင်ဝက်အထိ သွင်းယူရင်း ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ သွင်းဂိုးအများဆုံးအသင်းပါ ဖြစ်နေရပါတယ်။

Photo Credit : Sky Sports

ဆောင်းဈေးကွက်မှာ တိုက်စစ်ပိုင်း အားဖြည့်ခဲ့ခြင်း မရှိတဲ့ အာဆင်နယ်အသင်းက လက်ရှိမှာ မထင်မှတ်ထားလောက်အောင်ကို တိုက်စစ် ထက်မြက်လွန်းနေပြီး နှစ်ပေါင်းများစွာ အလှမ်းဝေးနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ မျှော်လင့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။

ဒါပေမယ့် အာဆင်နယ်နည်းပြ အာတေတာကတော့ “ဂိုးကွာခြားချက်က အရေးကြီးသလားဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဂိုးတွေ အများကြီး သွင်းယူပြီး တစ်ဂိုးမှကို ပြန်မပေးရဘူးဆိုတာကတော့ ကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမယ့် အခုက ပွဲတိုင်း အနိုင်ရဖို့က အဓိကကျနေပြီး ဒါကလည်း ကျွန်တော်တို့ ရှေ့ဆက် လုပ်ဆောင်သွားရမယ့် တာဝန်ပါပဲ။”

Photo Credit : Arsenal FC

“Barmell Lane ကွင်းက ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ နေရာမို့လို့ အခုလို ရလဒ်မျိုးနဲ့ အနိုင်ရလိုက်တာက အရမ်းကောင်းတဲ့ည ဖြစ်စေရပါတယ်။ ဒါပေမယ့် ဒီရာသီရဲ့ အရေးအကြီးဆုံး အပိုင်းကတော့ ရောက်လာဖို့ ရှိနေပါသေးတယ်။ ကျွန်တော်တို့တွေ အမြဲတစေ တိုးတက် ကောင်းမွန်လာဖို့ လိုအပ်ပါသေးတယ်။ အခုရလဒ်နဲ့ ကျေနပ်နေလို့ မရနိုင်သေးပဲ ကစားသမားတွေကို ဆက်ပြီး တွန်းအားပေးနေရတာကို သဘောကျတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်းက ရမှတ် (၆၁)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အဆင့်(၂)က မန်စီးတီးနဲ့ ရမှတ် (၁)မှတ် ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ်(၂)မှတ် ကွာဟလို့နေကာ လာမယ့်တစ်ပတ်မှာပဲ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက် တွေ့ဆုံသွားကြမှာ ဖြစ်ပါတယ်။